Tuesday, October 30, 2018

အရက်သုံးစွဲမှုလျှော့ချနိုင်ရန် ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်သင့်ဟု ကရင်အရပ်ဖက်အဖွဲ့များပြော


အရက်နှင့်ဆက်နွယ်သော ကျာ/မ အခြေပြုအကြမ်းဖက်မှုနှင့် ဆင်းရဲခြင်းပြဿနာများ လျှော့နည်းစေရန်အတွက် အရက်ကို အလွယ်တကူဝယ်ယူ၍မရအောင် ကန့်သတ်ချက်တွေထားရန်လိုအပ်ကြောင်း ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုကြသည်။
“အရက်သောက်မှုနှုန်းကို လျှော့ချဖို့အတွက်ဆိုရင် အလွယ်တကူရရှိမယ်ဆိုရင် သောက်ဖြစ်ဖို့များတယ်၊ များများရရင် များများ သောက်မှာပဲ၊ အဲဒီတော့ အလွယ်တကူမရရှိနိုင်အောင် ကန့်သတ်ချက်တွေ လိုအပ်တယ်။ ဆိုင်တွေဆိုလို့ရှိရင်လဲ တစ်ဆိုင်နဲ့ တစ် ဆိုင်ဘယ်လောက်ဝေးရမယ် ဆိုတာမျိုး၊ အရက်ရောင်းချချိန်ကို ကန့်သတ်ဖို့လိုမယ်။ ပြီးတော့ အခွန်တွေ တိုးပြီးကောက်မယ် ဆို လို့ရှိရင်လည်း ဒါကလည်း ကန့်သတ်ချက်တစ်မျိုး ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲဒီလို ကန့်သတ်ချက်လေးတွေရှိဖို့လိုအပ်တယ်လို့ မြင်မိတယ်” ဟု မေတ္တာလမ်းအဖွဲ့မှ ဒါရိုက်တာ နော်မူးဖောက ပြောသည်။

အရက်သေစာသောက်စားမှု လျှော့ချရေးအတွက်ရည်ရွယ်ကာ အရက်နှင့် ဆက်နွယ်သော ကျားမအခြေပြု အကြမ်းဖက်မှုနှင့် ဆင်းရဲခြင်း ပြဿနာများကို လျှော့နည်းရေးဆိုင်ရာ ကရင်ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးကို အောက်တိုဘာ ၂၉ ရက်က ဘားအံမြို့ ခွယ်ကဘောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အရက်နှင့် ဆက်စပ်နေသည့် အန္တရာယ်များကို စစ်တမ်းကောက်ရာတွင် အမျိုးသားဦးရေများသကဲ့သို့ အမျိုးသမီးဦးရေလည်း ရာခိုင်နှုန်းအချို့တွေ့ရကြောင်း သိရသည်။

ပုံမှန်အားဖြင့် အရက် သောက်သုံးသည့် အသက်အရွယ်မှာ အသက် ၂၅ နှစ် မှ ၅၀ နှစ်အတွင်းတွေ့ရှိရပြီး အဓိကအကြောင်းမှာ အရက်သေစာ အလွယ်တကူရရှိမှုကြောင့် ဖြစ်သည်ဟု မေတ္တာလမ်းအဖွဲ့၏ သုသေသန စစ်တမ်းကောက်ယူချက်များအရ သိရ သည်။

“အရက်တွေက အရည်အသွေး ထိန်းချုပ်တယ်ဆိုတာလည်း အသေအချာမရှိသေးဘူး။ နောက်ပြီးခုဆိုရင် ယစ်မျိုးလိုင်စင်တွေ ထုတ်မပေးတော့ဘူးဆိုပေမယ့် အရင်တုန်းကထက် ဆိုင်တွေကပိုများလာတယ်။ ထမင်းဆိုင်မှာလည်း အရက်ကိုရနိုင်သလို၊ ကွမ်းယာဆိုင်ရှေ့က ဖော့ဖာတွေမှာကအစ ဘီယာကို ဈေးတော်တော်နဲ့ ရနေတာမျိုးတွေ့ရတယ်။ လူတွေက မူးယစ်ဆေးဝါးကို အဓိကလို့ ထင်နေတယ်။ တကယ် အနီးကပ်ဆုံး အန္တရာယ်ပေးနေတာ လူငယ်တွေကို အရက်တုတွေ၊ စံချိန်မမီတဲ့ အရက်တွေ၊ အခုဆို ၃၀/ ၄၀ သက်တန်းတွေ အရက်ကြောင့်ရောဂါတွေရ အသက်ဆုံး လူညွန့်တုန်း နေတာတွေများလာနေတယ်။ ဒါကို အ ရပ်ဖက်အဖွဲ့တွေ၊ အစိုးရတွေ၊ ကျန်းမာရေးဌာနတွေ စားသောက်ကုန် စစ်ဆေးရေး FDA လို ဌာန တွေက ကြပ်ကြပ် မတ်မတ် လုပ်သင့် နေပါပြီ" ဟု ပြည်နယ်လူမှုဝန်ထမ်းဌာန ညွန်ကြားရေးမှူး ဦးဇော်မင်း က ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း အရက်ကြောင့် အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်လေ့ရှိသည်တွေ့ရလေ့ရှိပြီး၊ ကျားမအကြမ်းဖက်မှုများ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ၊ ကလေးသူငယ် အကြမ်းဖက်ခံရမှုများ ၊ ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုများ အများဆုံးဖြစ် ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးသူများအနက် အမျိုးသားများသည် ၉၃ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများမှာ ၃၆ ရာခိုင်နှုန်း အထိရှိနေကြောင်း ဆွေးနွေးပွဲ စစ်တမ်း အချက်အလက်များအရ သိရသည်။

(အကုန်သိသတင်းဌာန)


0 comments:

Post a Comment