Wednesday, October 31, 2018

မော်လမြိုင်ကမ်းနားလမ်း ပေသုံးထောင်ရှိ ညဈေးတန်းတည်ဆောက်ရန်စီစဉ်


မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းက မော်လမြိုင်ကမ်းနားလမ်းတွင် ပေသုံးထောင်ရှိမည့် ညဈေးတန်းတည်ဆောက်ရန်စီစဉ်ထားသည်။ 
ထိုသို့တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၏ ပြည်တွင်းခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံသို့ စက်တင်ဘာလကုန်ပိုင်းက တင်ပြတောင်းဆိုထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချန်ထွန်းက ပြောကြားသည်။ 

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းမယ့်နေရာတွေချပြပါဆိုတော့ ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တော့ မော်လမြိုင်မှာ ညဈေးတန်းတစ်ခုရှိတယ်၊ ဒါကိုစည်တဲ့နေရာတစ်ခုဖြစ်အောင်လုပ်လိုက်ရင် လူအများစိတ်ဝင်စားလာမယ်”ဟု ၎င်းကပြောဆိုသည်။ 

ကမ်းနားလမ်းညဈေး ပြုလုပ်နိုင်ရန် ကုန်ကျစရိတ်များ တင်ပြထားကြောင်း၊ ညဈေးအတွက် အဓိကဆောက်လုပ်ရမည်မှာ အိမ်သာများဖြစ်ကြောင်း၊ လက်ရှိတွင် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ထားသည့် အိမ်သာတစ်ခုသာရှိသောကြောင့် အလျားပေသုံးထောင်ရှိ ညဈေးတန်းအတွက်ဆိုပါက လက်ရှိအသုံးပြုနေသောအိမ်သာတစ်ခုထဲနှင့် မလုံလောက်ကြောင်း၊ ထိုညဈေးတန်းတွင် ရောင်းချသူများအနေနှင့်လည်း ဆိုင်သိမ်းပြီးပါက ကိုယ်တိုင်တာဝန်ယူသန့်ရှင်းသည့်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးချန်ထွန်းက ရှင်းပြသည်။ 

“မွန်ပြည်နယ်ကိုရောက်ရင် အမှတ်တရတစ်ခုအနေနဲ့ ရှိနေစေချင်တယ်၊ ခရီးသွားပွဲတော်လုပ်တာက သိပ်မထိရောက်ဘူး၊ ရေရှည်ဖြစ်စေချင်တဲ့သဘောနဲ့ ရည်ရွယ်တာ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ထိုလုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ ရန်ပုံငွေကျပ် သိန်း ၃၀၀ တောင်းခံထားရာ အဆိုပါငွေရသည်နှင့် ပြည်နယ်အစိုးရ၊ စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ အမြန်ဆုံးတည်ဆောက်မည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ ထပ်မံသိရသည်။ 

အဆိုပါ ကမ်းနားလမ်းညဈေးတွင် သစ်သီးဆိုင်၊ စားသောက်ဆိုင်၊ အထည်ဆိုင်၊ ပန်းဆိုင်စသည့် ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ရောင်းချခွင့်ပြုရန် မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဉ်ထားသည်။ 

လက်ရှိ မော်လမြိုင်ကမ်းနားလမ်း ရေပေါ်ညဈေးကို စားသောက်ဆိုင် ၂၀ ကျော်ဖြင့် ဖွင့်ထားသည်။

The Voice

0 comments:

Post a Comment