Wednesday, October 31, 2018

အမေရိကန်နှင့် စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်စစ်ဖက်အရာရှိများအား သမ္မတရှီကျင့်ပင် အမိန့်ပေး


အငြင်းပွား တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်နှင့် တင်းမာမှုဖြစ်ပွားနေခြင်းမှာ စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရန် ဖန်တီးလာကြောင်း၊ အမေရိကန်နှင့် အဆိုးရွားဆုံးဖြစ်နိုင်ခြေများအတွက် အင်အားဖြည့်တင်းထားရလိမ့်မည်ဖြစ်ကြောင်း တရုတ်စစ်ဖက်အရာရှိများအား သမ္မတရှီကျင့်ပင်က အမိန့်ပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 
တရုတ်သမ္မတရှီကျင့်ပင်သည် နိုင်ငံတောင်ပိုင်း ကွမ်းတုံပြည်နယ်သို့ လေးရက်ကြာသွားရောက်ခဲ့ပြီး နိုင်ငံ၏ မဟာဗျူဟာမြောက် စစ်ဇုံတစ်ခုဖြစ်သော တောင်ပိုင်းစစ်နယ်မြေအရာရှိများနှင့် တွေ့ဆုံပြီးနောက် လွန်ခဲ့သည့် ကြာသပတေးနေ့တွင် ယခုကဲ့သို့ သမ္မတက ဗြောင်ကျကျအမိန့်ပေးခဲ့သည်ဆိုသော်လည်း သောကြာနေ့ရောက်မှသာလျှင် တရုတ်နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ 

တောင်တရုတ်ပင်လယ်ကျွန်းများမှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုအတွင်း တည်ရှိသည်ဟု ပေကျင်းအစိုးရက အခိုင်အမာပြောဆိုထားသည်။ တောင်ပိုင်းစစ်နယ်မြေမှာ တရုတ်နိုင်ငံကုန်သွယ်ရေးတွင် မဟာဗျူဟာမြောက် အရေးပါသော တောင်တရုတ်ပင်လယ်အား ကာကွယ်ရန် အဓိက စစ်ဇုံတစ်ခုဖြစ်သည်။ တရုတ်က နယ်မြေပိုင်ဆိုင်သည်ဆိုခြင်းကို အမေရိကန်က ပယ်ချထားပြီး ၄င်းရေပြင်နှင့် ဝေဟင်တွင် “ လွတ်လပ်စွာသွားလာခြင်း “ ဟု အမည်ပေးကာ ဖြတ်သန်းသွားလာမှုများ ပြုလုပ်လျက်ရှိသည်။ 

တောင်တရုတ်ပင်လယ်တွင် နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်နေကြပြီး တရုတ်နိုင်ငံနှင့် ထိတွေ့မှုဖြစ်ရန် တစ်စစ ပိုမိုနီးကပ်လာကြောင်း အမေရိကန်ရေတပ်ဦးစီးချုပ် ရေကြောင်းဗိုလ်ချုပ်ကြီး ဂျွန်ရစ်ချတ်ဆန် က ပြောဆိုသည်။ 

သမ္မတရှီကျင့်ပင်၏ မှတ်ချက်မှာ ဒေါ်နယ်ထရမ့်အစိုးရပေါ်လစီနှင့်ပတ်သက်၍ ဒေါသထွက်စရာများချည်းသာ ဖြစ်ကြောင်း ပြသနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 

လတ်တလောတွင် အမေရိကန်အနေဖြင့် နှစ်နိုင်ငံလုံး၏ ထုတ်ကုန်များ အခွန်စည်းကြပ်မှုမြင့်မားခြင်းကို ဖန်တီးသည့် “ ကုန်သွယ်ရေးစစ်ပွဲ “ ဖြင့် တရုတ်နိုင်ငံအား တက်စုံရွက်ကုန်ဖွင့်လျက်ရှိသည်။ ထို့ပြင် အမေရိကန်သည် တရုတ်ဒုံးကျည်ခြိမ်းခြောက်မှုကို အကြောင်းပြ၍ ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသော နူကလီးယား လက်နက်များဆိုင်ရာ သဘောတူညီချက်ကို စွန့်လွှတ်မည်ဟု ပြောဆိုထားသည်။ 

တင်းမာမှုကြီးထွားနေစဉ်အတွင်း တရုတ်က ၄င်းပိုင် အမေရိကန်ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်း၊ တတိယနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ကမ္ဘာသုံးငွေကြေးဖြစ်သော “ဒေါ်လာ” အား ဖယ်ရှားခြင်းဖြင့် အမေရိကန်အား ထိုးနှက်လျက်ရှိသည်။ 

Htay Oung (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment