Wednesday, October 31, 2018

ပုသိမ်ရွှေမုဋ္ဌောစေတီ စက်ရွှေဆိုင်းများကပ်လှူမည်ကို မန္တလေးမျက်ပါးရပ် ရွှေဆိုင်းလုပ်ငန်းရှင်အချို့ ကန့်ကွက်


ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် မြန်မာ့ရိုးရာလက်မှုရွှေဆိုင်းများအစား စက်ဖြင့်လုပ်သည့် ရွှေဆိုင်းများဖြင့်ကပ်လှူမည်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ မျက်ပါးရပ်ရှိ မြန်မာရိုးရာ လက်မှုရွှေဆိုင်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။ 
ရွှေမုဋ္ဌောစေတီဂေါပကအဖွဲ့က စေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် နှစ်လက်မပတ်လည် ရာပြည့်စက်ရွှေဆိုင်း ၇၀၀၀ ဆိုင်း တင်ဒါခေါ်ယူထားခြင်းနှင့်ပတ်သက်၍ ၎င်းတို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“လက်မှုရွှေဆိုင်းလုပ်ငန်းရှင်တွေရဲ့ ရွှေဆိုင်းတွေအသုံးပြုပေးဖို့၊ တင်ဒါပြန်ခေါ်ပေးဖို့ တောင်းဆိုဖို့ရှိတယ်။ ဒီမှာ လူပေါင်းထောင်ချီပြီး လုပ်နေတဲ့ပညာရပ်တစ်ခုပါ။ မြန်မာရိုးရာပညာရပ်တစ်ခု။ ဒါကိုထိန်းသိမ်းသင့်၊ အားပေးသင့်ပါတယ်။ ဒါတွေကို အဓိကထားပြီး စဉ်းစားသင့်ပါတယ်” ဟု အောင်တံခွန် ရွှေဆိုင်းလုပ်ငန်းပိုင်ရှင် ဦးဇော်မင်းအောင်က ပြောကြားသည်။ 

ရွှေမုဋ္ဌောစေတီတော်ဂေါပကအဖွဲ့က စက်ရွှေဆိုင်းရောင်းချလိုသူလုပ်ငန်းရှင်များ နိုဝင်ဘာ ၂၇ ရက်နောက်ဆုံးထားကာ ဂေါပကအဖွဲ့ရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေမုဋ္ဌောစေတီတော် ဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားသည်။ 

“စိတ်တူကိုယ်တူရှိတဲ့ ရွှေဆိုင်းလုပ်ငန်းရှင်တွေစုပြီးတော့ လက်မှုရွှေဆိုင်း တင်ဒါပြန်ခေါ်နိုင်အောင်လုပ်မယ်။ ဒီရက်ပိုင်းမှာ ဂေါပကအဖွဲ့ကို အသနားခံစာတင်မယ်။ ပြီးရင် တိုင်းဝန်ကြီးချုပ်ထံကိုပါ အကြောင်းကြားစာပို့မယ်။ ခရိုင်ထွေအုပ်ကိုလည်းပို့မယ်။ မြန်မာလက်မှု လုပ်ငန်းတစ်ခု၊ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဒီရွှေဆိုင်းလုပ်ငန်း ဆက်လက်ရပ်တည် နိုင်အောင်ကြိုးစားသွားမယ်။ ဒီရက်ပိုင်းမှာပဲ လုပ်မယ်” ဟု အောင်သရဖူ ရွှေဆိုင်းလုပ်ငန်းရှင် ဦးမောင်စုကလည်း ပြောကြားသည်။ 

ဘုရားစေတီ၊ ကျောင်းကန် သာသနိက အဆောက်အအုံများတွင် မြန်မာရိုးရာလက်မှု မျက်ပါးရွှေဆိုင်းများ ဖြင့်ကပ်လှူပူဇော်လာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လွန်ခဲ့သည့် ၅ နှစ်ခန့်မှစတင်ကာ စက်ဖြင့်ပြုလုပ်သည့် ရွှေဆိုင်းများ ဈေးကွက်အတွင်း ဝင်ရောက်လာပြီးနောက်ပိုင်း လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာကြောင်း မန္တလေးမြို့ခံ ရွှေဆိုင်းလုပ်ငန်းရှင်များက ပြောဆိုသည်။ 

“ကျွန်တော်တို့ဘက်ကတော့ တင်ဒါပြန်ခေါ်ဖို့မရှိပါဘူး။ ဒါက အစည်းအဝေးဆုံးဖြတ်ချက်နဲလုပ်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဘုရားမှာရှိတဲ့အလှူငွေနဲ့ တိုင်းတွာပြီးတော့ လုပ်ရတာ။ ဦးစီးကော်မတီ၊ တင်ဒါကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြုလုပ်ခဲ့တာ။ ကျွန်တော်တို့စက်ရွှေနဲ့ချတာ နှစ်ကြိမ်ရှိပြီ” ဟု ရွှေမုဋ္ဌော စေတီတော်ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးလှအောင်က ပြောကြားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ စေတီရုပ်ပွားတော်များအား ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းရန် ဂေါပကအဖွဲ့က တင်ဒါခေါ်ယူခဲရာတွင် ရိုးရာလက်မှု ရွှေဆိုင်းများဖြင့် ကပ်လှူပေးရန် မျက်ပါးရပ်ရှိ ရွှေဆိုင်းလုပ်ငန်းရှင်များက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ဖူးသည်။ 

မန္တလေးမြို့ရှိ မျက်ပါးရပ်တွင် ရွှေဆိုင်းလုပ်ငန်းပေါင်း ၂၀၀ ခန့်ရှိနေသည်။

The Voice


0 comments:

Post a Comment