Wednesday, October 31, 2018

ရွှေ့ပြောင်းဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် မက္ကဆီကိုနယ်စပ်သို့ တပ်ဖွဲ့ဝင် ၅၂၀၀ ထရမ့်စေလွှတ်


အမေရိကန်ပြည်ထောင်စုနယ်စပ်သို့ တရားမဝင် ဖြတ်ကူးဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၆ ရက် သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်မီ တင်းမာသောသဘောထားကို ပြသလိုက်သည့် သမ္မတထရမ့်က မက္ကဆီကိုနယ်စပ် လုံခြုံရေးအတွက် မျှော်မှန်းထားသောအရေအတွက်ထက် ပိုများသောတပ်ဖွဲ့ဝင် ၅၂၀၀ စေလွှတ်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
အဆိုပါတပ်ဖွဲ့ဝင် အရေအတွက်သည် အီရတ်တွင် တပ်စွဲထားသောအမေရိ ကန်တပ်ဖွဲ့နှင့် အရွယ်အစားတူညီသည်။ 

တပ်ဆပ်စ်သို့ တပ်ဖွဲ့ဝင် ၈၀၀ ထွက်ခွာသွားပြီဖြစ်ပြီး ကယ်လီဖိုးနီးယားနှင့် အရီဇိုးနားရှိ မက္ကဆီကိုနယ်စပ်များသို့ နောက်ထပ်တပ်ဖွဲ့ဝင်များ ဆက်လက်ထွက်ခွာနေသည်ဟု မြောက်ပိုင်းကွပ်ကဲရေးဌာနချုပ်မှူး ဗိုလ်ချုပ်ကြီးအိုရှောင်နက်ဆီက ပြောကြားသည်။ 

အမေရိကန်တာဝန်ရှိသူအချို့ ယခင်အပတ်က မှန်းဆထားသောတပ်ဖွဲ့ဝင် ၈၀၀၊ ၁၀၀၀ ခန့်ထက်များစွာပိုမိုသောအရေအတွက်ကို စေလွှတ်ခြင်းဖြင့် နယ်စပ်လုံခြုံရေးသည် အမျိုးသားအဆင့် လုံခြုံရေးဖြစ်ကြောင်း သမ္မတကြီးက ရှင်းရှင်းလင်းလင်းပြသခြင်းဖြစ်သည်ဟု အိုရှောင်နက်ဆီက ပြောကြားသည်။ 

တပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ကင်းလှည့်မည် မဟုတ်ပဲရွက်ဖျင်တဲစခန်းများနှင့် အရံအတားများတည်ဆောက်ရာတွင် ကူညီခြင်း၊ အကောက်ခွန်အရာရှိများကို နယ်စပ်တစ်လျှောက် နေရာများသို့ လေကြောင်းမှ ပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

ရွှေ့ပြောင်းလူဝင်မှု ဆန့်ကျင်ရေးဖြင့် မဲဆွယ်ကာ ၂၀၁၆ သမ္မတရွေးပွဲတွင် အောင်ပွဲရလာခဲ့သော ထရမ့်သည် သက်တမ်းဝက် ရွေးကောက်ပွဲများတွင်လည်း ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီအား ထောက်ခံမဲရစေရန် အမေရိကသို့ ရွှေ့ပြောင်းစီးဝင်မှုများကို ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။ 

ရွှေ့ပြောင်းဝင်ရောက်လာသူများအား တရားရုံးအမိန့် စောင့်ဆိုင်းနေစဉ် လွှတ်မထားဘဲ ထိန်းသိမ်းထားရန်အတွက် ရွက်ဖျင်တဲစခန်းများ တည်ဆောက်ပေးမည်ဟု ထရမ့်က ပြောကြားသည်။ 

“အဆောက်အအုံတွေဆောက်ဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်မခံနိုင်ပါဘူး။ ကျုပ်တို့ ရွက်ဖျင်တဲတွေ ထိုးပေးမှာပါ”ဟု ထရမ့်က Fox ရုပ်သံသို့ ပြောကြားသည်။ 

အကယ်၍ သက်တမ်းဝက် ရွေးကောက်ပွဲတွင် ကွန်ဂရက်နှင့် ဆီးနိတ်ကို ရီပတ်ဘလစ်ကန်တို့ ထိန်းချုပ်မှုဆုံးရှုံးသွားပါက ထရမ့်အနေနှင့် ကျန်သက်တမ်းဝက်တွင် မူဝါဒများအကောင်အထည်ဖော်ရာတွင် များစွာခက်ခဲသွားမည်ဖြစ်သည်။ 

စက်တင်ဘာနှင့် အောက်တိုဘာတွင် ပြုလုပ်ခဲ့သော Pew သဘောထားစစ်တမ်းအရ ရွှေ့ပြောင်းလူဝင်မှုကိစ္စကို အလွန်ကြီးမားသော ပြဿနာဟု ယူဆသူ ရီပတ်ဘလစ် ကန် ၇၅ ရာခိုင်နှုန်းရှိပြီး ဒီမိုကရက် မဲဆန္ဒရှင်များတွင် ၁၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

The Voice

0 comments:

Post a Comment