Wednesday, October 31, 2018

မော်ရင်ဟိုရှေ့မှောက် အောင်ပွဲခံခဲ့သည့် ချဲလ်ဆီးလက်ထောက်နည်းပြ ဒဏ်တပ်ခံရ



ချဲလ်ဆီးလက်ထောက်နည်းပြ လန်နီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က မန်ယူနည်းပြ မော်ရင်ဟိုရဲ့ရှေ့မှာ အောင်ပွဲခံမှုနဲ့ စတာလင်ပေါင် ၆၀၀၀ ဒဏ်တပ်လိုက်ပါတယ်။ 
ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးမှာ ချဲလ်ဆီးက ဘာကလေက ချေပဂိုး သွင်းပြီးနောက် လက်ထောက်နည်းပြ လန်နီဟာ မော်ရင်ဟိုနဲ့ နည်းပြအဖွဲ့ရှေ့မှာ သွားရောက် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ 

ဒီအပြုအမူဟာ နည်းပြတယောက်အနေနဲ့ မသင့်တော်တဲ့ အပြုအမူ ဆိုတာကိုလည်း လန်နီကိုယ်တိုင်က ဝန်ခံထားတယ်လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ 

လန်နီကို ပြန်လည်ရန်ပြုဖို့ ကြိုးစားခဲ့တဲ့ မန်ယူနည်းပြမော်ရင်ဟိုကိုတော့ နောက်နောင်မလုပ်ဖို့ အက်ဖ်အေက သတိပေးခဲ့ပါတယ်။ 

အဲဒီပွဲမှာ မော်ရင်ဟိုဟာလည်း သူ့ရှေ့မှာ အောင်ပွဲခံခဲ့တဲ့ လန်နီကို ပြန်လိုက်ရန်ပြုဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ယူအရန်ကစားသမားတွေနဲ့ လုံခြုံရေးတွေက တားမြစ်ခဲ့ပါတယ်။ 


ပွဲပြီးမှာတော့ လန်နီနဲ့ နည်းပြချုပ် ဆာရီဘက်က တောင်းပန်ခဲ့သလို မော်ရင်ဟိုဘက်ကလည်း ကျေအေးခဲ့ပါတယ်။

DVB 

0 comments:

Post a Comment