Wednesday, October 31, 2018

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနဖွင့်လှစ်ခဲ့သည့် ၄လတာကာလအတွင်း အမှုပေါင်း ၃၅၇ မှု ဖော်ထုတ်အရေး ယူထား


နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားထားသည့် အမှုများမှ အမှုပေါင်း ၃၅၇ မှုကို ၄ လ အတွင်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။ 
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေး ဝါးနှင့် ပတ်သက်သည့် သတင်းများ တိုင်ကြားနိုင်ရန် စတင်ကြေငြာခဲ့သည်။ 

စတင်ဖွင့်လှစ်သည့်အချိန်မှစပြီး အောက်တိုဘာလ ၂၇ ရက်အထိ အမှုပေါင်း ၃၅၇ မှုဖွင့်လှစ်အရေးယူခဲ့ပြီး ကျား(၄၇၄)ဦး၊ မ(၉၁)ဦး စုစုပေါင်း ၅၆၅ဦး ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ (၅၁၁၅.၉၅) ဂရမ်၊ ICE (၂၂.၀၁) ဂရမ်၊ ဘိန်း (၃၈၃၈၇.၀၁) ဂရမ်၊ အဆင့်နိမ့်ဘိန်း (၃၂၉)ဂရမ်၊ ဘိန်းစာမှုန့်(၁၁၈၅၀.၉၉)ဂရမ်၊ ဘိန်းစာရွက် (၃၉၇၃.၉၉)ဂရမ်၊ စိတ်ကြွဆေးပြား( ၁၆၇၀၆၇) ပြား၊ဆေးခြောက်(၃၆၉၆.၀၃)ဂရမ်၊ ဘိန်းရည် (၀.၁)ဂရမ်၊ ဘိန်းဆီခဲ(၂၁၇.၄)ဂရမ်၊ ဘိန်းစေ့(၆၀)ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့်(၁.၆၅)ဂရမ်၊ သေနတ်မျိုးစုံ (၁၂)လက်၊ ကျည်မျိုးစုံ(၁၉၄)တောင့်၊ လက်ပစ်ဗုံး(၁)လုံး သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

“ သတင်းပေးတဲ့သူဘယ်သူဘယ်ဝါဆိုတာ နိုင်ငံတော်သမ္မတကြီးအပြင်သိတဲ့သူ ၃ ဦးလောက်ပဲရှိတယ်။ တိုင်တဲ့သူကို ပြည်ထဲရေးဝန်ကြီးကတောင် မသိဘူး” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ 
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ်ဖမ်း ဆီးရမိသည့် အခြေအနေများကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မူးယစ်ဆေးဝါး ပိုမိုဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရများသို့ တိုင်ကြားနိုင် သည့်အပြင် ထူးခြားကိစ္စရပ်များ၊ ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း၊ဝယ်ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ၀၆၇.၅၉၀၂၀၀၊ ဖက်စ်ဖုန်း ၀၆၇.၅၉၀၂၃၃ နှင့် အီးမေးလ် [email protected] gov.mm တို့သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment