Wednesday, October 31, 2018

သန်လျင်မြို့နယ်ရှိ နေအိမ်တစ်အိမ်ထဲမှငွေများ ခိုးယူသွားသူလေးဦးကို ဖမ်းမိ


သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ ဘူတာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်ထဲမှ ငွေများပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အလုပ်အကိုင်မရှိဘဲ ငွေများ အလွန်အကျွံသုံးစွဲနေသည့် အမျိုးသားတစ်ဦးကို မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ ခိုးမှုကျူးလွန်ရာတွင် ပါဝင်သူလေးဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
“ဘူတာလမ်းသွယ်မှာနေတဲ့ အမျိုးသမီးက သန်လျင်ဈေးမှာ ဈေးသွားရောင်းနေချိန် အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ သူ့အိမ်ဖောက်ခံရတယ်။ ဗီရိုထဲမှာ သိမ်းထားတဲ့ ကျပ်သိန်း ၉၀ နဲ့ အခြားစာရွက်စာတမ်းတွေ ပျောက်ဆုံးနေလို့ ရဲစခန်းလာအမှုဖွင့်တာ။ အခင်းဖြစ်ပြီး ငါးရက်မြောက်နေ့မှာ မြို့ဟောင်းအနောက်ရပ်ကွက်မှာနေတဲ့ အမျိုးသားတစ်ဦး အလုပ်အကိုင်မရှိဘဲ ငွေကြေးအလွန်အကျွံသုံးစွဲနေတယ်သတင်းရလို့ ခေါ်စစ်ဆေးရာက ခိုးမှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူတွေကို ဖမ်းမိခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။ 

ခိုးမှုနှင့် ပတ်သက်ပြီး မြို့ဟောင်းအနောက်ရပ်ကွက်၊ ဇီးကုန်း (၂) လမ်းတွင် နေထိုင်သူ ရဲရင့်မိုး (ခ) သာအေးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်တွင် နေထိုင်သော ဇော်မျိုးဦး (ခ) ဗီဂျေး၊ ကျော်ကျော်ထွန်း (ခ) ကျော်လေးနှင့် မရီရီဝင်း (ခ) မြမြဝင်းတို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသဖြင့် အဆိုပါသုံးဦးကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး ခိုးယူလာသည့် ငွေများဖြင့် ဝယ်ယူထားသော ဆိုင်ကယ်တစ်စီး၊ ဖိနပ်သုံးရန်၊ အဝတ်အထည်များနှင့် ရေခဲသေတ္တာတို့ကို ပြန်လည်သိမ်းဆည်း၍ အခြားကျူးလွန်ထားသည့် ပြစ်မှုများ ရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice


0 comments:

Post a Comment