Wednesday, October 31, 2018

မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ငါးဖမ်းလှေကြီးများအနေဖြင့် မိတ္တူပွားကာ အစင်းရေအများအပြားငါးဖမ်းနေကြောင်း ဒေသခံများပြောကြားပြီး အရေးယူနိုင်မှုအားနည်းနေကြောင်း ဥပဒေပညာရှင်များ ထောက်ပြ

 

မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ငါးဖမ်းလှေကြီးများအနေဖြင့် မိတ္တူပွားကာ အစင်းရေ အများအပြားငါးဖမ်းနေကြောင်း ဒေသခံများကပြောကြားခဲ့ပြီး အရေးယူနိုင်မှုမှာလည်း အားနေသည်ကို တွေ့ရကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။ 
ပင်လယ်ပြင်အတွင်း ငါးဖမ်းရာတွင် ငါးဖမ်းလှေကြီးများအနေဖြင့် ချက်ပွိုင့်တွင် လိုင်စင်တစ်စင်းပြပြီး တကယ်တမ်းတွင် ပုံစံတူ (ကလုံး) များ အဆများစွာပွားထားကြောင်း ထိုင်းနိုင်ငံသို့ ငါးများတင်ပို့ရာတွင် ပင်လယ်ပြင်အတွင်း ငါးသယ်လှေများဖြင့် သယ်ယူကာ သွားလာနေကြကြောင်း စောင့်ကြည့် လေ့လာသူများက ပြောကြားသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင်ပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တံငါသည်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများ တွေ့ဆုံရာတွင် မြန်မာ့ပင်လယ်ပြင်အတွင်း ဖြစ်ပျက် နေသည့် အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

“ပင်လယ်ပြင်မှာ ၀ါလတ်နဲ့ ၀ိုင်းချုပ်လှေ အတော်များများက မိတ္တူပွားပြီးတော့ လေးကျွန်းရေပြင်၊ ဂျွန်းပုံအထက်ပိုင်းရေပြင်၊ သားများအမိနဲ့ စလင်းတောင် အရှေ့ရေပြင်၊ စခန်းသစ်၊ ဆားတောင်ကြီးအောက်ရေပြင်၊ မိုးမလင်းကျွန်းအောက်ရေပြင်၊ သာဗျောအော်အရှေ့ရေပြင်၊ ပြင်စဘု၊ ကျောက်ပေါက် အနီးရေပြင်တွေမှာ ငါးဖမ်းဆီးနေကြတယ်။ ပုလောမြို့နယ်ဘက်မှာဆိုရင် ဂျင်းဖို၊ ဂျင်းမ အောက်ပိုင်းရေပြင်အထိကို ၀င်ရောက်လုပ်ကိုင်နေတာတွေ့ရပါတယ်။ ၂၀၀၁ ခုနှစ်မှာ ကျွန်တော်တို့ ရေလုပ်သားတွေဟာ ငါး လေလံဈေးမှာ ငါးရောင်းချပြီး ငွေထုပ်ပိုက် ပြီး အိမ်ပြန်ရတဲ့အချိန်တွေကို ဒီနေ့အထိ မမေ့နိုင်သေးပါဘူး။ ဒါကြောင့် မကြာခင် အချိန်အတွင်းမှာ ငါးလေလံဈေးကြီး အမြန်ဆုံးဖွင့်မှသာ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ငါးတွေကို တန်ဖိုးမြှင့်ရောင်းချနိုင်မယ်။ ကျွန်တော်တို့မိသားစုဘ၀တွေ အဆင်ပြေလာမယ်။ ကမ်းနီးရေလုပ်သားတွေရဲ့ဘ၀ဟာ ငါးလေလံဈေးအပေါ်မူတည်နေတဲ့အတွက် အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ပါရန် တောင်းဆို ပါတယ်” ဟု ပရည်ကျွန်းကျေးရွာမှ ဦးအောင်လင်းစိုးက ပြောကြားသည်။ 

ဒေသခံများနှင့် တံငါသည်အများစုမှာ ပင်လယ်ပြင်အတွင်း ငါးခိုးဖမ်းခြင်း၊ ငါးခိုး ထုတ်နေခြင်းများကိုကာကွယ်ရန် မြိတ်မြို့၌ ငါးလေလံဈေးတစ်ခု အမြန်ဆုံးအကောင်ထည်ဖော်ရန် တင်ပြမှုများရှိသလို ဥပဒေစိုးမိုးမှုမရှိခြင်းကိုလည်း ဥပဒေပညာရှင်အချို့က ထောက်ပြပြောဆိုခဲ့ကြောင်း သိရ သည်။ 

“ငါးလေလံဈေးကြီးပေါ်လာမှ စစ်ဆေးလို့ရမှာပါ။ အခုချက်ပွိုင့်မှာ အထွက်ပြနေတယ်ဆိုတာက လိုင်းဖြူလှေတွေကပေးတဲ့ စာရင်းကိုပဲ ကြည့်ရတယ်။ ဒါက အင်မတန်ရယ်စရာကောင်းတဲ့ကိစ္စပါ။ စစ်ဆေးတယ် တစ်နည်းအားဖြင့်ပြောရရင် စစ်ဆေးခြင်းဆိုတာက ကြည့်မယ်၊ လှန်လှောမယ်၊ မှန်/ မမှန်စစ်ဆေးမယ်။ ပြီးရင် ဒါကို Check Out လုပ်မယ်။ ထွက်ခွာခွင့်ပေးမယ်။ အခုက ဒီလို မလုပ်ဘဲနဲ့ သူတို့ပေးတဲ့စာရင်းကိုပဲ ခပ်တည်တည်နဲ့ယူပြီး ကြိုက်သလောက်ထွက်ဆိုတဲ့ ပုံစံက ကျွန်တော်တို့ပြောရရင် နားလှည့်ပါး ရိုက်လုပ်တာပဲ။ အဂတိလိုက်စားမှုဆိုတာ ကလေးအတွေးနဲ့ကို စဉ်းစားလို့ရနေပြီ။ ဘာ ကြောင့် ဒီလူတွေက ဒီလိုလုပ်ပြီး ထွက်ခိုင်းလိုက်တာလဲ။ ပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော်တို့မှာ သီးခြားရပ်နားပြီး အဖွဲ့တွေနဲ့ သေချာစစ်ဆေးနိုင်မယ့် ငါးလေလံဈေးတစ်ခု အဆင့်မြင့်မြင့် မရှိလို့ပါပဲ။ အထူးသဖြင့် ဒေသခံတွေပြောသလိုအပြိုင်အဆိုင် ၀ယ်လက်တွေမရှိတာကြောင့် ခပ်ရှင်းရှင်းပြောရရင် ပွဲစားအဆင့်ကို ရောင်းနေရတာ ပဲ။ ပွဲစားအဆင့်ကို တစ်ဖက်နိုင်ငံမှာ သွားရောင်းရင် ဈေးနှိမ်ခံရမှာကတော့ ပြောစရာ တောင်မလိုပါဘူး။ ဒါတွေကို မလုပ်ရဲတာလား၊ မထိမတို့ရဲတာလား။ သမ္မတကြီးပြောသလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ၀န်ထမ်းတွေရဲ့ ပြောစကားကိုပဲယူပြီး မလုပ် ၀ံ့နိုင်တာလားဆိုပြီးဖြစ်နေတယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ ရုပ်ပြအစိုးရဖြစ်နေမလား” ဟု မြိတ်မြို့မှ ရှေ့နေ ဦးလွင်အောင် (ကဗျာ ဆရာ-နရီ ( မြိတ်)က ပြောကြားသည်။ 

လက်ရှိတွင်မြိတ်မြို့ရှိ အပြည်ပြည်ဆိုင် ရာငါးလေလံဈေးတွင် ချက်ပွိုင့်ဖွင့်လှစ်ထားသော်လည်း ငါးများအတင်အချမပြုနိုင်ခြင်း၊ ငါးလေလံဈေးမှ တောင်းခံထားသော ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာသန်း ၂၀ ကို အစိုးရပိုင်းမှ ခွင့်ပြုပေးနိုင်ခြင်း မရှိသေးတာကြောင့် တိုင်းပြည်တွင် အခွန်အခများစွာ နစ်နာနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 

“လှေအစင်းရေ ၁၁၈၀ ရှိတယ်လို့ သိရတယ်။ ကောင်းပါပြီ။ ၁၁၈၀ ဆိုတာ သေချာလား။ လိုင်စင်ရှိတဲ့ လှေတစ်စင်းကို ၁၀ စင်း ထပ်ပေါင်းပြီး ၁၁၈၀၀၀ များဖြစ်နေမလား။ ဒါကိုစဉ်းစားဖို့ ဥပဒေသမားတစ်ယောက် အ နေနဲ့ တွေးကြည့်တာပါ ” ဟု ရှေ့နေ ဦးလွင်အောင်က ပြောကြားသည်။ 

ပင်လယ်ပြင်အတွင်း သုတေသနလာရောက်လုပ်ခဲ့သည့် နော်ဝေသင်္ဘောကလည်း တွေ့ရှိချက်ကို မထုတ်ပြန်သေးပေမယ့် အလွန်အန္တရာယ်များသည်အထိ ငါးမျိုးများသုဉ်းနေပြီဖြစ်သည်ကို သိရှိထားရကြောင်း၊ အစိုးရပိုင်းက အမြန်ဆုံးကိုင်တွယ်သင့်ပြီဖြစ်ကြောင်း ငါတို့အနာဂတ်ရှေ့ဆောင်အဖွဲ့မှအမှုဆောင်ဒါရိုက်တာ ဦးတင်ကိုကိုဦးက ပြောကြားသည်။ 

မြိတ်မြို့တွင် ဖွင့်လှစ်ထားသော်လည်း ငွေအရင်းအနှီး ထပ်မံလွှဲခွင့်မပြုသေးသောငါးလေလံဈေးနှင့် ငါးလေလံဈေးတွင် ဖွင့် လှစ်ထားသော ချက်ပွိုင့်ကို မြိတ်မြို့မှ လွှတ် တော်ကိုယ်စားလှယ်အချို့ သွားရောက်စစ် ဆေးခဲ့ပြီး လှေဝင်လှေထွက် အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။ 

ပင်လယ် ပြင်အတွင်း ဖြစ်ပေါ်နေသည့် တရားမ၀င်ငါးဖမ်းခြင်းနှင့် ငါးခိုးထုတ်နေခြင်းကို သက်ဆိုင်ရာ ပင်လယ်ပြင်စိုးမိုးရေးမှ ဆောင်ရွက်ရန် အဓိကတာဝန်ရှိပြီး ဌာနဆိုင်ရာများနှင့် ချက်ပွိုင့်တာဝန်ရှိသူများက ပိတ် ရက်မရှိ၊ အချိန်အကန့်အသတ်မရှိ လိုင်စင်လုပ်ငန်းများ၊ လှေထွက်ခွာခြင်းများ၊ စစ်ဆေး ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

 ဇော်မိုးဦး (မြိတ်)
Eleven Media Group 

0 comments:

Post a Comment