Wednesday, October 31, 2018

ရွှေပြည်နန်းသနပ်ခါးစက်ရုံမှ ငွေကျပ်သိန်း ၆၂၀ ခိုးယူသွားသည့် ညစောင့်ဝန်ထမ်းကို ဖမ်းမိ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက်၊ မိုးကုတ်လမ်းရှိ ရွှေပြည်နန်းသနပ်ခါးစက်ရုံမှ ငွေကျပ် သိန်း ၆၂၀ ခိုးယူ သွားသော ညစောင့်ဝန်ထမ်းအမျိုးသားကို ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ရွှေပြည်နန်းသနပ်ခါးစက်ရုံတွင် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းက ရုံးချုပ် ဒုတိယထပ်ရုံးခန်း၏ ငွေစာရင်းအခန်းတံခါးပွင့်နေသည်ကို စက်ရုံမှ တာဝန်ရှိသူများက သတိထားမိသဖြင့် ရုံးအတွင်း တပ်ဆင်ထားသော CCTV များကို စစ်ဆေးရာ လူတစ်ဦးမှ မိုးကာအင်္ကျီလက်ရှည်ဝတ်ဆင်ထားပြီး ခေါင်းစွပ်စွပ်၍ နှာခေါင်းစည်းတပ်ဆင်ထားကာ အခန်းထဲရှိ သံဗီရိုအတွင်း ထားရှိသောငွေများထဲမှ ကျပ်သိန်း ၆၂၀ ကို ခိုးယူသွားကြောင်း တွေ့ရှိခဲ့သည်။ 

“ပိုက်ဆံတွေ ထည့်ထားတဲ့ သံဗီရိုက သော့ခတ်မထားဘူး။ သူခိုးက ထမင်းစားဆောင်အပေါက်ကနေ အခန်းထဲဝင်လာပြီး ငွေတွေခိုးသွားတာ။ CCTV မှတ်တမ်းကနေ ရရှိတဲ့ အမျိုးသားရဲ့ပုံကို စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေထံပြသပြီး မေးမြန်းကြည့်တော့ အနက်ရောင်မိုးကာအင်္ကျီလက်ရှည်ကို ကုမ္ပဏီရဲ့ ညစောင့်ဝန်ထမ်း သူရိန်မိုးဆိုသူက ဝတ်ဆင်တတ်ကြောင်း သိခဲ့ရတယ်။ အမှုက မသင်္ကာသူ သူရိန်မိုးရဲ့ လက်ကိုင်ဖုန်းကိုဆက်ကြည့်တော့ ဖုန်းပိတ်ထားပြီး သူ့နေရပ်လိပ်စာသွားစုံစမ်းတော့လည်း မရှိတော့ဘူး။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ခိုးမှုကျူးလွန်သူကို သူ့မိသားစုရဲ့အကူအညီရယူပြီး ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။ 

အဆိုပါ ငွေများခိုးယူပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ညစောင့်ဝန်ထမ်းသူရိန်မိုးမှာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ၎င်း၏မိဘများနေထိုင်ရာသို့ တိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် သွားရောက်စုံစမ်းခဲ့ရာ ပြန်လည်ရောက်ရှိနေထိုင်ခြင်းမရှိဘဲ ၎င်း၏ချစ်သူ မိန်းကလေးနှင့်တွေ့ဆုံရန် ဘိုကလေးမြို့ရှိ ကြေးရုပ်ကြီးအနီးတွင် ချိန်းဆိုထားကြောင်း သိရသဖြင့် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ယင်းချိန်းဆိုထားသည့်နေရာသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသော သူရိန်မိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခိုးယူခဲ့သည့်ငွေများဖြင့် ဝယ်ယူထားသော လက်ကိုင်ဖုန်းနှစ်လုံး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကျန်ငွေသိန်း ၅၇၀ ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment