Wednesday, October 31, 2018

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် ၀င်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရ




ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် ၀င်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားတစ်ခုကို အောက်တိုဘာ ၂၉-၃၀ ရက်များက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ GIZ အဖွဲ့တို့ပူးပေါင်းကာ စစ်တွေဟိုတယ်တွင် ရှင်းလင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယင်းရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနှေးကွေးသည့်ဒေသဖြစ်သဖြင့် ဇုန်(၁)တွင်ကျ ရောက်သဖြင့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအနေဖြင့် ၀င်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရ ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်သူဇာရွှင်က ပြောကြားသည်။ 
“ပြည်သူတွေ၊ လုပ်ငန်းရှင်တွေကို ဥပဒေအကြောင်းတွေကို တွင်တွင်ကျယ်ကျယ်သိစေချင်တယ်။ ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ ဆောင်ရွက်ရမယ့်အကြောင်းတွေကိုလည်း သိစေချင်တဲ့အတွက် ဒီလိုမျိုး ဆွေးနွေးပွဲကို လုပ်ဆောင်တာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း စီးပွားရေး လုပ်ငန်းတွေကို စနစ်တကျနဲ့ သိရှိပြီး ဥပဒေကပေးတဲ့အကာအကွယ်နဲ့ ကင်းလွတ်ခွင့်တွေကိုလည်း နိုင်ငံသားတွေ ခံစားစေချင်တယ်” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမင်းသိန်းက ပြောကြားသည်။ 

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံးဒေသတစ်ခု ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အထူးလိုလားနေသည့် ဒေသတစ်ခုဖြစ်ရာ ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများလာရောက်ရေးမှာလည်း အရေးပါလှကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း “ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဥပဒေနဲ့အညီ လွယ်လွယ်ကူကူ စတင်လုပ်ကိုင်နိုင်လာပြီဖြစ်တာကြောင့် စွန့်စားတီထွင်လုပ်ကိုင်မှုတွေကိုလည်း ပိုပြီး အထောက်အကူပေးလာနိုင်တဲ့အပြင် ပုဂ္ဂလိကကဏ္ဍကိုလည်းပဲ ပိုပြီးတော့ အားကောင်း မောင်းသန်ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံစီးပွားရေးနဲ့ကဏ္ဍပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်လာနိုင်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ထို့ပြင် ၀င်ငွေခွန်ကင်းလွတ်ခွင့်ကို တစ်ပြေးညီခံစားခဲ့ကြရပြီး အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမှာ ဇုန်သုံးခုခွဲခြားသတ်မှတ်ထားကြောင်း၊ ယင်းအနက် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပြည် နယ်တစ်ခုဖြစ်သည့်အတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဇုန် (၁)သည် ဖွံ့ဖြိုးမှု နှေးကွေးသည့်ဒေသဖြစ်ကာ ဇုန်(၂)မှာ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသနှင့် ဇုန် (၃)မှာ ဖွံ့ဖြိုးမှုရှိသည့်ဒေသများဖြစ်ကြောင်းလည်း သိရသည်။ ယင်းအတွက် ရခိုင်ပြည်နယ်အတွင်းရှိသော မြို့နယ်များ သည် ဇုန်(၁)တွင် ပါဝင်နေသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်မည့်လုပ်ငန်းရှင်များသည် ၀င်ငွေခွန်ခုနစ်နှစ်အထိ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ 

သန်းလှိုင်(စစ်တွေ)
Eleven Media Group 
Thursday,November 1,2018

0 comments:

Post a Comment