Wednesday, October 31, 2018

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို နံနက်ပိုင်း လူစည်ကားချိန် လုယက်ထွက်ပြေးသူအား ဖမ်းဆီးစစ်ဆေးရာ လုယက်မှု ၁၅ မှု ထပ်မံပေါ်ပေါက်

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီး တစ်ဦး၏ ဆွဲကြိုးကို နံနက်ပိုင်း လူစည်ကားချိန် ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးခဲ့သူအား ဖမ်းဆီးပြီး စစ်ဆေးရာ အခြားလုယက်မှု ၁၅ မှုထပ်မံပေါ်ပေါက်ခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 
ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က ပုဇွန်တောင်မြို့နယ်နေ ဒေါ်… သည် ၎င်း၏သမီးဖြစ်သူနှင့်အတူ ရေကျော်ဈေးသို့ သွားရောက်ရန်အတွက် (၄၉) လမ်းအတိုင်း လမ်းလျှောက်လာစဉ် ၎င်းတို့မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဒေါ်… ၏ လည်ပင်းတွင်ဝတ် ဆင်ထားသည့် ဆွဲကြိုးအား လုယက်ကာ ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ 

ထိုသို့ လုယက်ခံခဲ့ရသဖြင့် အဆိုပါဖြစ် စဉ်ကို ဒေါ်… က သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ပုဇွန်တောင်မြို့မရဲစခန်းက (ပ)၂၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

“စုံစမ်းဆောင်ရွက်ခဲ့တာမှာ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာနေတဲ့ အမျိုးသားတစ်ဦးကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးတော့ ခုလိုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

ဖမ်းဆီးရမိခဲ့သူမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၁၆၈) ရပ်ကွက်တွင် နေထိုင်သည့် ကိုကိုဦး (ခ) ကိုဦးဆိုသူဖြစ်ပြီး ၎င်းကို အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထို့နောက် ဆက်လက်စစ်ဆေးခဲ့ရာ ကိုကိုဦး (ခ) ကိုဦးမှာ ပုဇွန်တောင်မြို့နယ်တွင် လုယက်မှုတစ်မှု၊ တာမွေမြို့နယ်တွင် လုယက်မှုငါးမှု၊ ဗိုလ်တထောင်မြို့နယ်တွင် လုယက်မှုတစ်မှု၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လုယက်မှုခြောက်မှု၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လုယက်မှုနှစ်မှု ကျူးလွန်ထားသည်ဟု ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 


သန့်ဇင်ကျော်
Eleven Media Group


0 comments:

Post a Comment