ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ ပြည်သူတွေ အားကိုးအားထားအပြုရဆုံး ဆေးရုံကြီး ဖြစ်လာပေမယ့်လိုချင်တဲ့ အဆင့်အတန်းထိတော့ မရောက်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်က ဆေးတက္ကသိုလ် (၁) (ရန်ကုန်)မှာ ကျင်းပတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင် ဆင်ရေး ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေ၊ ဆရာကြီးတွေနဲ့ ဝိုင်းဝန်းပံ့ပိုးပေးခဲ့တဲ့ ပညာရှင်တွေရဲ့စွမ်းဆောင်ချက်တွေကြောင့် လတ်တလောနှစ်ကာလမှာ ပြည်သူများ အားကိုးအားထားအပြုရဆုံး ဆေးရုံကြီးအဖြစ် ပြန်လည်ရောက်ရှိလာပြီလို့ ဆိုနိုင်ပါတယ်၊ ဒါပေမယ့် လိုချင်တဲ့ အဆင့်အတန်းထိ မရောက်ရှိသေးဘဲ အဘက်ဘက်မှာ ပြန်လည်လုပ်ဆောင်ဖို့ လုပ်ငန်းများစွာရှိသေးတယ်”
ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု ဆောင်ရွက်ရာမှာ အဆောက်အဦတခုချင်းသီးသန့် မဟုတ်ဘဲ အားလုံးကိုခြုံငုံသုံးသပ်ပြီး ရေရှည်တိုးတက်အောင် စဉ်းစားလုပ်ဆောင်ဖို့လည်း ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြင်ပလူနာလာရောက် ပြသကုသမှုဟာ ၂၀၁၃ ခုနှစ်မှာ ၂၄၅၇၉၀ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၄၄၀၂၃၁ ဦး လာကုသတာကြောင့် လူနာဦးရေ နှစ်ဆခန့် မြင့်မားလာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။
၂၀၁၇ ခုနှစ်တွင် အတွင်း လူနာ ၈၉၈၇၂ ဦး၊ ခွဲစိတ်ကုသလူနာ ၂၃၇၄၅ ဦး တက်ရောက် ကုသမှု ခံယူခဲ့တယ်လို့လည်းဆိုပါတယ် ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို မြန်မာနိုင်ငံရဲ့ စံပြဆေးရုံကြီးတခု ဖြစ်စေဖို့အတွက် တိုးချဲ့ပြုပြင်မွမ်းမံပြင် ဆင်ရေးနဲ့ အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းတွေကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လုပ်ငန်း စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- State Counsellor
0 comments:
Post a Comment