Wednesday, October 31, 2018

မသမာသူ လူတစ်စုက အစိုးရ၀န်ကြီးဌာန ရုံးစာအတု ပြုလုပ်ပြီး ဖြန့်ဝေမှုများ ရှိနေ၊၀န်ကြီးဌာနတာဝန်ရှိသူ နှင့် ကုမ္ပဏီဘက်က သက်ဆိုင်ရာထံသို့ တိုင်တန်းသွားရန် စီစဉ်နေကြောင်းသိရ


မသမာသူ လူတစ်စုက အစိုးရ၀န်ကြီးဌာန ရုံးစာ အတု ပြုလုပ်ပြီး ဖြန့်ဝေမှုများ ရှိနေ၍ ပြုလုပ်သူကို အရေးယူပေးပါရန် ၀န်ကြီးဌာနတာဝန်ရှိသူ နှင့် ရုံးစာအတုထဲတွင်ပါသည့် ကုမ္ပဏီဘက်က သက်ဆိုင်ရာထံသို့ တိုင်တန်းသွားရန် စီစဉ်နေကြောင်း သိရသည်။

ရုံးစာအတု ပြုလုပ်သူတို့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စသည့် အစိုးရဌာနများ၏ အမည်များ၊လက်မှတ်အတုများ ကို အသုံးပြုထားသည်ကို တွေ့ရပြီး၊ရုံးစာ အတုထဲတွင် တရုတ်နိုင်ငံ ဘဏ် တစ်ခုမှ နေ၍ ပြည်တွင်းသို့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ လွှဲပြောင်း လက်ခံ သည့် အကြောင်းအရာ ကို အဓိက ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမည်အသုံးပြုပြီး ပြုလုပ်ထားသော ရုံးစာ(အတု)ထဲတွင် ပါသည့် လက်မှတ် နှင့် ရာထူးအမည် များ၊အကြောင်းအရာ များ နှင့် စပ်လျဉ်းပြီး. မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က စာအတုထဲပါ ၀င်သည့် အကြောင်းအရာများ၊လက်မှတ်၊ရာထူး တို့မှာ အစစ်အမှန်မဟုတ်ဘဲ မှားယွင်းနေကြောင်းပြောသည်။

ထို့အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်ကလည်း ယခု ထွက်ပေါ်နေသည့် စာမှာ အတု ဖြစ်ကြောင်း ပြောသည်။

ရုံးစာ အတုထဲတွင် ပါဝင်နေသည့် Myint Mo Nay La Co.,Ltd. မှာ သက်ဆိုင်ရာထံတွင် ကုမ္ပဏီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ တစ်ခုဖြစ်နေ၍ ဆက်သွယ်စုံစမ်းကြည့်ရာ Myint Mo Nay La Co.,Ltd. စီအီးအို ဦးအောင်က ၎င်းတို့ ကုမ္ပဏီ နာမည်ပါသည့် စာ အတုများ ပြန့်နေသည်ကို ယခု မှ တွေ့ရှိခဲ့ရကြောင်း၊ယခင်က သတင်းသာ ထွက်နေသည့်အတွက် နိုင်ငံပိုင်သတင်းစာထဲတွင် လိမ်လည်သူများ ရှိနေသည်ကိုကြားသိနေရ၍ ဂရု ပြုကြရန် နှင့် လိမ်လည်သူကို ဥပဒေအရ အရေးယူသွားမည့်အကြောင်း အကြိမ်ကြိမ် ကြေညာခဲ့ဖူးကြောင်းပြောသည်။

‘’ ဒီလို စာအတုတွေ လုပ်လို့ သူတို့ ဘာအကျိုးရမှာလဲ။လိမ်ဖို့လား၊ဒါမှ မဟုတ် နာမည် ဖျက်ချင်လို့လား ဘာလဲ ဆိုတာတော့ မသိဘူး’’ဟု Myint Mo Nay La Co.,Ltd. စီအီးအို ဦးအောင်က ပြောသည်။

ပြည်ပနှစ်ရှည် ချေးငွေဖြင့် နိုင်ငံတော်စီမံကိန်းများကို ကုမ္ပဏီက ဆောင်ရွက်ပေးလိုပါကြောင်း အစိုးရဘက်သို့ တင်ပြထားမှုများ ရှိကြောင်း ကုမ္ပဏီက ဆိုသည်။


Popular
ပုံစာ။ ။ ရုံးစာ အတုများ နှင့် နိုင်ငံပိုင်သတင်းစာထဲတွင် ထည့်သွင်းဖော်ပြထားသည့် ကုမ္ပဏီဘက်မှ ကြေညာစာ။

0 comments:

Post a Comment