Wednesday, October 31, 2018

ခေါ်နူးစုမ်တောင်ထိပ်ရှိ ကြံ့ခိုင်ရေးပါတီ တောင်တက်ခရီး အထိမ်းအမှတ်ကျောက်တိုင် ဖြိုလှဲခံရ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းတို့ပူးပေါင်းပြီး တောတွင်းတောင်ပေါ် ခရီးကြမ်းလမ်းလျှောက်ခရီးစဉ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခေါ်နူးစုမ်တောင်ထိပ်တွင် စိုက်ထူထားသည့် ကျောက်စာတိုင် ဖြိုလှဲခံခဲ့ရမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သဘောထားကြေညာချက် ထုတ်ပြန်သည်။ 
ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အချက်သုံးချက်ပါ သဘောထားကြေညာချက်ကို အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ပါတီ၏ ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည်ဟု မှတ်ယူသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။ 

“လူငယ်တွေက ကြိုးစားပမ်းစားတက်ပြီးမှ အမှတ်တရဆိုပြီး စိုက်ထူတဲ့ဟာကို အဲဒီလိုဖြုတ်ပြီးတော့ လွှင့်ပစ်လိုက်တယ်ဆိုတဲ့ကိစ္စကတော့ မကောင်းတဲ့အကျင့်ပေါ့ဗျာ။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါမျိုးလုပ်တယ်ဆိုတာက မကောင်းတဲ့ကိစ္စဖြစ်တယ်။ ရည်ရွယ်ချက်မသိတောင်မှ အကျင့်အနေနဲ့သိရရင်တောင် မကောင်းလုပ်ငန်းတွေကိုတော့ ဆန့်ကျင်မှာပဲ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ မူထန်က ပြောဆိုသည်။ 

အဆိုပါ ကျောက်စာတိုင် ဖြိုလှဲခြင်းခံထားရသည်ကို အောက်တိုဘာလ ၂၈ ရက် နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်စာတိုင်သည် ခေါ်နူးစုမ်တောင်ကို အခြေပြုပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ် ၉၁ ဦးနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းမှ လူ ၁၁ ဦး ပါဝင်သည့်အဖွဲ့ မင်းတပ်မြို့နယ်ရှိ ကျေးရွာများနှင့် ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာများကို ဖြတ်သန်းပြီး ခေါ်နူးစုမ် တောင်ထိပ်တွင် ခရီးစဉ်ပြီးဆုံးသည့် အထိမ်းအမှတ်စိုက်ထူခဲ့သည့် ကျောက်စာတိုင်ဖြစ်သည်။


The Voice

0 comments:

Post a Comment