Wednesday, October 31, 2018

ရခိုင်အမျိုးသားပါတီဝင်အဖြစ်မှ လူ ၂၀၀ ကျော် နုတ်ထွက်စာတင်ခဲ့သော်လည်း စာတင်သည့် ပုံစံမမှန်ကန်သဖြင့် လက်မခံခဲ့ကြောင်း ANP ပါတီမှ တာဝန်ရှိသူ ပြောကြား

ရခိုင်အမျိုးသားပါတီ၏ ပါတီအဖြစ်မှ လူ ၂၀၀ ကျော် နုတ်ထွက်စာတင်ခဲ့သော်လည်း စာတင်သည့်ပုံစံမှာမမှန်ကန်သဖြင့် လက်မခံခဲ့ကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။ 
“ပါတီဝင်အဖြစ်က နုတ်ထွက်တဲ့စာဆိုပြီး လူတစ်ယောက်လာတင်တယ်။ သူ့ဆီမှာ စာရွက်သုံးရွက်ပါလာတယ်။ အဲဒီစာထဲမှာ ဒေါက်တာအေးမောင်ရဲ့ ၆၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါတီဝင်အဖြစ်က နုတ်ထွက်တယ်ဆိုတာ စာတစ်စောင်ကို လာပို့ခဲ့တယ်။ အဲဒီစာမှာ တစ်ရွက်မှာက ၂၉ ယောက် ပါတယ်။ ရပ်ကျေးဆိုပြီးတော့ပါတယ်။ နောက်နှစ်ရွက်က ဘာမှန်မသိဘူး၊ ဘယ်ရွာက ဘယ်နှစ်ယောက်ဆိုပြီးပါတယ်။ ဆိုတော့ စာတင်တဲ့ပုံစံက မမှန်တဲ့အတွက် လက်မခံလိုက်ဘူး။ နောက်ပြီး အဲဒီစာရင်းမှာပါတဲ့လူတွေကလည်း ပါတီနဲ့အချိန်အကြာကြီး ကင်းကွာနေခဲ့သူတွေ ဖြစ်တယ်။ ဗဟိုကော်မတီက အသိအမှတ်ပြုထားတဲ့ သူတွေမဟုတ်ဘူး။ ပြောရရင်တော့ ရွေးကောက်ပွဲနဲ့ ကပ်ရက် တိုက်ခိုက်တဲ့ဖြစ်စဉ်တစ်ခုလို့သာမြင်တယ်”  ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။ 

သို့သော် ပါတီဝင်အဖြစ်မှ နုတ်ထွက်သူများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ကိုယ်တိုင် သွားရောက်၍စာတင်ခဲ့သည့် ဦးစံမောင်ကမူ ၎င်းအနေဖြင့် နုတ်ထွက်စာသွားရောက်တင်ခဲ့သော်လည်း ဦးထွန်းအောင်ကျော်က လက်ခံခြင်းမရှိခဲ့ကြောင်း၊ ယင်းသို့လက်မခံရခြင်း အသေးစိတ်ကို မသိရှိကြောင်းနှင့် မိမိတို့အနေဖြင့် ပါတီ၏မူဝါဒကို သဘောမကျသည့်အပြင် ဒေါက်တာအေးမောင်နှင့် သက် ဆိုင်သောပါတီကိုသာ ၀င်ရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

“ကျွန်တော်က နုတ်ထွက်စာ သွားတင်ခဲ့တယ်။ ဒါပေမဲ့ ဦးထွန်းအောင်ကျော်ကတော့ လက်မခံခဲ့ဘူး၊ ဘာကြောင့်လဲဆိုတာကတော့ အသေးစိတ်မသိဘူး။ အခုကျွန်တော်တို့က ဒေါက်တာအေးမောင်ရဲ့ ၆၁ နှစ်မွေးနေ့မှာ အမှတ်တရ နုတ်ထွက်တယ်ပေါ့။ ဒေါက်တာ အေးမောင်ရဲ့သဘောထားကိုလည်း သဘောကျတယ်။ နောက်ပြီး ANP ပါတီကို မကြိုက်တော့လို့ နုတ်ထွက်တာဖြစ်ပါတယ်။ တခြား အကြောင်းအရာမရှိပါဘူး။ အခုနုတ်ထွက်စာတင်တဲ့စာရင်းအရဆိုရင် အားလုံး ၂၀၀ ကျော် ရှိ တယ်၊ စစ်တွေမြို့နယ်အနှံ့ကျေးရွာတွေက ပါတီဝင်တွေပါတယ်” ဟု ဦးစံမောင်က ပြောကြားသည်။ 

အလားတူ နုတ်ထွက်စာတင်ခဲ့သည့် ဦးမောင်ထွန်းသိန်းကလည်း ပါတီ၏မူဝါဒကို မကြိုက်သည့်အတွက် နုတ်ထွက်ခြင်းဖြစ်ပြီး ဒေါက်တာအေးမောင်ချမှတ်ထားသည့် ရခိုင်ဦးဆောင်ပါတီသို့ ၀င်ရောက်မည်ဖြစ်ကြောင်း၊ နုတ်ထွက်သူများထဲတွင် မြို့နယ်ကော်မတီ၊ ရပ်ကျေးကော်မတီနှင့်ပါတီဝင်များပါဝင် ကြောင်းလည်း ပြောကြားသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၂၅ ဦး တစ်ပြိုင်တည်း နုတ်ထွက်စာ တင်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းနုတ်ထွက်ကြောင်းစာကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က လက်ခံရရှိခဲ့ကြောင်း၊ ယင်းစာထဲတွင် နုတ်ထွက်သည့် ပါတီဝင် ၂၅ ဦး၏ အမည်စာရင်းပါရှိသော်လည်း လူ ၂၀ ကသာ လက်မှတ် ရေးထိုးထားကြောင်း၊ နုတ်ထွက်ရန် လက်မှတ်ရေးထိုးထားသည့် လူစာရင်းတွင် နာယက၊ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေး မှူး၊ အလုပ်အမှုဆောင်နှင့် ကော်မတီဝင်များ ပါရှိကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုး သားပါတီ(ANP)မှ အတွင်းရေးမှူး ဦးထွန်းနေ၀င်းက ပြောကြားသည်။ 

“အောက်တိုဘာ ၂၂ ရက် မနက်က ပါတီဝင်အဖြစ်ကနေ နုတ်ထွက်စာ တင်ပြခြင်း ဆိုတဲ့ စာတစ်စောင်ကို ကျွန်တော်တို့ ရုံးက လက်ခံရရှိတယ်။ အဲဒီစာမှာ နုတ်ထွက်သူ ၂၅ ဦးပါတယ်။ ဒါပေမဲ့ ၂၅ ဦးမှာ လူ ၂၀ ပဲ လက်မှတ်ထိုးထားတာ ရှိတယ်။ သူတို့က ပါတီတာဝန်ကို ဖော်ပြထားတာ ပါရှိတယ်။ ပါတီတာဝန်ကို ဖော်ပြတဲ့စာမှာ နာယက ပါတယ်။ နောက်ပြီးရင် ဒုဥက္ကဋ္ဌပါတယ်။ နောက်ပြီး အတွင်းရေးမှူး (၂) ပေါ့။ အလုပ် အမှုဆောင်ပါတယ်။ နောက် ကော်မတီဝင် ဆိုပြီး ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုသို့ မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၂၅ ဦး တစ်ပြိုင်တည်း နုတ်ထွက်စာတင်ခဲ့သည့်အပေါ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပပြီး မှ ၎င်းတို့ကို နုတ်ထွက်ခွင့် ပြု၊ မပြု ဆုံးဖြတ် မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားထားသည်။ 

“သူတို့ဆီက တင်လာလို့ရှိရင်တော့ CEC အစည်းအဝေး လုပ်ရမယ်။ လုပ်ပြီးမှပဲ ကျွန်တော်တို့က အများစုဆန္ဒနဲ့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ ရဟန်ရှင်လူပြည်သူ များ၏ တောင်းဆိုမှုကြောင့် ၂၀၁၃ ခုနစ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသား ပါတီ(ANP)အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ 

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အပါအ၀င် နိုင်ငံတစ်ဝှန်းလုံးမှ စုစုပေါင်း မြို့နယ် ၂၀ တွင် ရခိုင်အမျိုးသားပါတီ၏ ရပ်ကျေး ကော်မတီ၊ ဗဟိုကော်မတီနှင့် ပါတီဝင် စုစုပေါင်း ငါးသောင်းကျော်ခန့်ရှိကြောင်း သိရသည်။ 

နောက်ပိုင်းတွင် ပါတီအတွင်း အမြင်မတူမှု၊ သဘောထား မတိုက်ဆိုင်မှုများကြောင့် ပါတီအတွင်းမှ နုတ်ထွက်သူများရှိခဲ့ပြီး လက်ရှိအချိန်ထိ ပါတီအတွင်း နုတ်ထွက်သူ၊ ထုတ်ပယ်သူ၊ သေဆုံးသူ စုစုပေါင်း ၅၀ ခန့် ရှိကြောင်း ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။ 

အစိုးရမှ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံနေရသော ဒေါက်တာအေးမောင်သည်လည်း ရခိုင်အမျိုးသားပါတီ ဗဟိုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စာတင်ထားသူတစ်ဦး ဖြစ်ပြီး လက်ရှိအချိန်ထိ ၎င်းအား နုတ်ထွက် ခွင့်မပြုသေးဘဲ နုတ်ထွက်စာကို ပါတီမှ ဆိုင်းငံ့ထားဆဲ ဖြစ်သည်။ 

သန်းလှိုင်(စစ်တွေ)
Eleven Media Group 


0 comments:

Post a Comment