Wednesday, October 31, 2018

ရုံးစာအတုလုပ်၍ ပြည်ပရင်းနှီးမြှုပ်နှံငွေရယူရန် ကြံစည်သည့်ကုမ္ပဏီကို ဗဟိုဘဏ်ဖော်ထုတ်


ပြည်ပနိုင်ငံမှ ရင်းနှီးမတည်ငွေ ကန်ဒေါ်လာသန်း ၃၅၀ ကျော်ကို ပြည်တွင်းကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရုံးစာအတုပြုလုပ်သူများကို ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥက္ကဋ္ဌရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။ 
အဆိုပါရုံးစာအတုတွင် တရုတ်နိုင်ငံ၊ China Development Bank ထံမှ မြန်မာနိုင်ငံရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့သို့ ကန်ဒေါ်လာ သန်း ၃၅၀ အား လွှဲပြောင်းလက်ခံခွင့်ပြုရန်အတွက် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က စိစစ်ထားပြီးဖြစ်ကြောင်း၊ စာများကိုအတုပြုလုပ်၍ လွှဲပြောင်းမှုခွင့်ပြုပါရန် လိမ်လည်ထားကြောင်း၊ ယင်းစာတွင်လည်း သက်ဆိုင်ရာဗဟိုဘဏ်အရာရှိများ၏ ရာထူးများကိုလည်း လွှဲမှားအသုံးပြုထားကြောင်း ၎င်းက ဆိုသည်။ 

“ဒီကိစ္စကဥပဒေအရ ဆက်သွားဖို့အတွက်ကို ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားထားတယ် သူတို့ကဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။ 

ပြည်ပနိုင်ငံမှ ရင်းနှီးမတည်ငွေကိစ္စမျိုးကို ဗဟိုဘဏ်အနေနှင့် ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် အဆိုပါစာများဖြင့် လုပ်ငန်းဆောင်ရန်ဖြစ်စေ အလုပ်တစ်ခုခုဖြစ်စေ ဆွေးနွေးပါကနီးစပ်ရာရဲစခန်းများနှင့် ဗဟိုဘဏ်သို့ အကြောင်းကြားရန် အသိပေးထားသည်။ 

အဆိုပါ ရုံးစာအတုတွင် ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကိုဌာန၊ ရာထူးနှင့် လက်မှတ်အတုများဖော်ပြထားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး (ကိုယ်စား) ဝင်းထိုက် အမြဲတမ်းအတွင်းဝန်ဟု လိမ်လည်ရေးသားဖော်ပြထားသည်။


The Voice

0 comments:

Post a Comment