Wednesday, October 31, 2018

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို သမ္မတအတည်ပြု


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းတာကို နိုင်ငံတော် သမ္မတက အောက်တိုဘာ ၃၀ ရက်စွဲနဲ့ အတည်ပြုအမိန့် ထုတ်ပြန်လိုက်ပါတယ်။ 
မီဒီယာကောင်စီကို ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်)၊ ဒုဥက္ကဋ္ဌ ၁ ဒေါက်တာမျိုးသန့်တင်၊ ဒုဥက္ကဋ္ဌ ၂ ဦးကျော်နိုင် (ထက်မြက်)၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက် အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး ၂ ဦးလှိုင်းသစ်ဇင်ဝေတို့ အပါအဝင် ၂၉ ယောက်နဲ့ ဖွဲ့စည်းလိုက်တာပါ။ 


ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်တွေကို စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်မှာ ရွေးချယ်ခဲ့ကြပြီး ကောင်စီမှာ သမ္မတက အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်နဲ့ လွှတ်တော်နှစ်ရပ်က အဆိုပြုတဲ့ ကိုယ်စားလှယ်တယောက်စီပါဝင်တာပါ။ 

သတင်းမီဒီယာ နည်းဥပဒေအရ ကောင်စီကို အယောက် ၃၀ နဲ့ ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပြီး သတင်းသမား အဖွဲ့အစည်းတွေက ကောင်စီဝင် ၇ ယောက်၊ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကောင်စီဝင် ၅ ယောက်၊ တဦးချင်းကိုယ်စားလှယ် ၃ ယောက် ရွေးချယ် တင်မြှောက်ခဲ့ကြပါတယ်။ 

ဒါ့အပြင် သတင်းအေဂျင်စီတွေ၊ ပုံနှိပ်ထုတ်ဝေသူများအသင်း၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်း၊ ကဗျာဆရာအဖွဲ့၊ ကာတွန်းရုပ်ပြဆရာအဖွဲ့တွေက ၁ ယောက်စီ၊ စာရေးဆရာ အဖွဲ့အစည်းတွေက ၂ ယောက်၊ တတ်သိပညာရှင်တွေပါဝင်တဲ့ အရပ်ဘက် ကိုယ်စားလှယ် ၅ ယောက်၊ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဆိုပြုတဲ့ ကိုယ်စားလှယ် ၁ ယောက်စီ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကဗျာဆရာအဖွဲ့အစည်းတွေက ကိုယ်စားပြု မပါဝင်ခဲ့တာကြောင့် လက်ရှိကောင်စီမှာ ၂၉ ယောက်ပဲ ရှိနေတာပါ။

DVB

0 comments:

Post a Comment