Wednesday, October 31, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေးညှိနှိုင်း အစည်းအဝေး တက်ရောက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၃၁ ရက်၊ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ 
အစည်းအဝေးမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။ 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က - 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် စံပြဆေးရုံကြီး တစ်ခု ဖြစ်စေရေးအတွက် တိုးချဲ့ပြုပြင်မွမ်းမံပြင် ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းများကို (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလတွင် လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ပေးခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း၊ 
မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့စဉ်ကတည်းက ပါဝင်ခွင့်ရရှိခဲ့ခြင်းအပေါ် ဝမ်းမြောက်မိပါ ကြောင်း၊ 
ရှေးယခင်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် တစ်တိုင်းပြည်လုံးမှ အားကိုးအားထား ပြုရသော ဆေးရုံကြီး အဖြစ်ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ပံ့ပိုးမှုများအားနည်း ခဲ့ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အဆင့်အတန်း နိမ့်ကျခဲ့ရကြောင်း၊ 
မိမိတို့အစိုးရသစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလမှစ၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက် ခဲ့ကြောင်း၊ 
အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ကောင်းမွန်ပါက ပြည်သူများအနေဖြင့် ဆေးရုံများတွင် လာရောက်ကုသမှုခံယူရန် လိုအပ်ချက်နည်းပါး သွားမည် ဖြစ်ကြောင်း၊ 
ထိုသို့ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူသူနည်းပါး လာခြင်းဖြင့် ဆေးရုံတက်လူနာ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ပြုစုကုသစောင့်ရှောက်မှုများ ပိုမိုတိကျ အဆင့်မြင့်ကာ ပိုမိုပြည့်စုံ စွာဖြင့် ကုသမှုပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ 
လူတစ်ဦးတစ်ယောက်သည် ဆေးရုံမတက်ရောက် ရပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူများနာမကျန်း ဖြစ်ပွားမှု နည်းပါးနိုင်သမျှနည်းပါးစေရန်နှင့် ဆေးရုံတက်ရောက်ရသည့် ကျန်းမာရေး အခြေအနေအထိ မဖြစ်ပွားစေရန်အတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အခြေခံမှစ၍ ဂရုစိုက်ပြီး မီးမောင်းထိုးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ 
ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တာဝန်ရှိသူများ၊ ဆရာကြီးများနှင့် ဝိုင်းဝန်းပံ့ပိုး ပေးခဲ့သည့် ပညာရှင်များ၏ စွမ်းဆောင်ချက်များ ကြောင့် လတ်တလောနှစ်ကာလများတွင် ပြည်သူများ အားကိုးအားထား အပြုရဆုံးဆေးရုံကြီး အဖြစ် ပြန်လည်ရောက်ရှိလာပြီဟု ဆိုနိုင်ကြောင်း၊ 
သို့ရာတွင် လိုချင်သည့်အဆင့်အတန်းထိ မရောက်ရှိ သေးကြောင်းနှင့် အဘက်ဘက်မှပြန်လည် လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိသေးကြောင်း၊ 
ဆေးရုံနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ သန့်ရှင်းသာယာ လှပရေးအတွက် စာသင်ကျောင်များမှ စတင်၍ လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ 
ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုဆောင်ရွက်ရာတွင် အဆောက်အဦ တစ်ခုချင်းသီးသန့်သာ ဆောင်ရွက်ရန်မဟုတ်ဘဲ အားလုံးကိုခြုံငုံသုံးသပ်ပြီး ရေရှည်တွင် မည်ကဲ့သို့တိုးတက်မှု ပုံစံမျိုး ရရှိလိုသည်ကိုစဉ်းစားပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ 
ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး၌သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ရေရှည်အမြင်ဖြင့် အဘက်ဘက်မှ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ 
မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံရေး လုပ်ငန်းများက ဝိုင်းဝန်းဆောင် ရွက်လျက်ရှိကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ 
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံ အထောက်အကူပြုအဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ Rangoon General Hospital Reinvigoration Charitable Trust (RGHR) နှင့် Article 25 အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 



Credit - ကျန်းမာရေးဝန်ကြီးဌာန 
The Ladies News

0 comments:

Post a Comment