Wednesday, October 31, 2018

မလေးရှားရောက် ချင်းလူမျိုး ဒုက္ခသည်များခိုလှုံခွင့် အဆုံးသတ်မည့်အစီအစဉ်ကို ပြန်ရုပ်သိမ်းပေးရန် တောင်းဆို

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ချင်းလူမျိုးဒုက္ခသည်များကို ဒုက္ခသည်အဖြစ်မှ ခိုလှုံခွင့်အဆုံးသတ်မည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ချင်းဒုက္ခသည်များ အထောက်အကူပြုကော်မတီက တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ 
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ပြီးခဲ့သည့် ဇွန်လပိုင်းက ဒုက္ခသည်များ ခိုလှုံခွင့်အား အဆုံးသတ်မည့်လုပ်ငန်းစဉ်ကို ထုတ် ပြန်ခဲ့ပြီး ချင်းဒုက္ခသည်များအနေနှင့် ၂၀၁၉ ဒီဇင်ဘာလအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကုလသမဂ္ဂ၏အထက်ပါ ထုတ်ပြန်ချက်အရ မလေးရှားရောက် ချင်းလူမျိုး ဒုက္ခသည်များအနေနှင့် စိုးရိမ်ပူပန်နေရပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့်အတွက် ပြန်ရုပ်သိမ်းရန် တောင်းဆိုနေရခြင်းဖြစ်ကြောင်း ချင်းဒုက္ခသည်များ အထောက်အကူပြုကော်မတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းက ပြောကြားသည်။ 

လက်ရှိ မလေးရှားတွင် ရောက်ရှိနေသည့် ချင်းဒုက္ခသည်အများစုသည် မလေးရှားနိုင်ငံတွင် နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်ခဲ့ရသည့်အတွက် မြန်မာနိုင်ငံသို့ ရုတ်တရတ် ပြန်လာရန် အခက်အခဲများရှိနေပြီး အဆိုပါဒုက္ခသည်များ၏လုံခြုံရေးကို မြန်မာအစိုးရက အာမခံချက်ပေးရေး၊ အသိအမှတ်ပြုလက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး စသည့်အခက်အခဲများစွာရှိကြောင်း ၎င်းက ဆိုသည်။ 

“သူတို့ ဒုက္ခသည် ခံယူတယ်ဆိုတာက ပြစ်မှုတစ်ခု ကျူးလွန်ထားသလိုဖြစ်နေတယ်ပေါ့။ ဒုက္ခသည်ဆိုတာက တရားမဝင်နယ်စပ်ဖြတ်ကျော်တွေလေ၊ အဲဒီတော့ ပြန်လာတော့ ပြန်သွားတဲ့ တိုင်းပြည်က ဘာမှအန္တရာယ်မပေးဘူးဆိုတာ အာမခံရမယ်ပေါ့။ ချင်းဒုက္ခသည်တွေ ပြန်ဖို့ဆိုတာက သူတို့ဒေသငြိမ်းချမ်းပြီလား၊ ပြီးတော့ အစိုးရဘက်က ဘာတွေပြင်ဆင်ထားပြီလဲဆိုတာရှိတယ်။ အခုထိတော့ ဘာမှပြင်ဆင်ထားတာ မရှိသေးဘူး။ အဲဒီအခြေအနေတွေကြောင့် ပြန်လာဖို့ဆိုတာ အဆင်သင့်မဖြစ်သေးဘူး” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် မလေးရှားနိုင်ငံတွင် ချင်းလူမျိုးဒုက္ခသည် သုံးသောင်းခွဲခန့်ကို UNHCR က ဒုက္ခသည်များအဖြစ် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးထားပြီး မလေးရှားနိုင်ငံတွင် လုပ်ကိုင်စားသောက်နေကြသည်။ 

အဆိုပါ ဒုက္ခသည်များသည် တပ်မတော်အစိုးရလက်ထက်က နယ်မြေလုံခြုံရေးအခြေအနေ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သတ်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်ဆက်နွှယ်မှုများ စသည့်အမှုများကြောင့် ဒုက္ခသည်များအဖြစ် ခိုလှုံခဲ့ကြခြင်းဖြစ်သည်။

The Voice 

0 comments:

Post a Comment