Wednesday, October 31, 2018

ရေကြည်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် ဝန်ထမ်း ၃ ဦးကို တရားစွဲဆိုခြင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ၏ လမ်းညွှန်ချက်အတိုင်းသာဖြစ်ဟုဆို


ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ ဦးကို တရားစွဲရခြင်းမှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ 
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်မိုးအပါအဝင် လက်ထောက် အင်ဂျင်နီယာ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့အား အောက်တိုဘာ လ ၁၇ ရက်နေ့က တိုင်းဒေ သကြီး အစိုးရရဲ့တရားစွဲဆိုရန်ညွှန်ကြားချက်နဲ့အညီ ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထား ခြင်း ဖြစ်သည်။ 

ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ပြဌာန်းချက်များကို မလိုက်နာသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ညွှန်ကြားလာသည့်အတိုင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ 

" တိုင်ကြားသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုက်ရိုက်တိုင်ကြားတယ်။ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် တွေကို တိုင်းဒေသကြီးအစိုးရက ဆက်လက်ဆောင်ရွက်ဖို့ အကြောင်းကြားလာတဲ့အတွက် စည်ပင်ဝန်ကြီးဌာနကတစ်ဆင့် ရာဇ သတ်ကြီး ပုဒ်မ ၄၀၉/၁၀၉ နဲ့ တရားစွဲဆိုရတာပါ" ဟု ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော် မြင့်က ပြောသည်။ 

တရားစွဲဆိုတာနဲ့ပက်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာ ၁၇ ရက်စွဲပါ စာအမှတ် ၇၀၀/၇-၇(၂) ဖြင့် တရားစွဲဆို ရန်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် နိင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်ပင်သာယာရေးအဖွဲ့ ဥပဒေနှင့် အညီသာ ဖြေလျှော့အရေးယူပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၂၉ ရက်တွင် ရေကြည်မြို့ခံ ပြည်သူအချို့က အသနားခံစာ တင်ထားကြောင်း သိရသည်။ 

ရဲသွေးနီ - ပုသိမ်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment