Wednesday, October 31, 2018

အီတလီကို အင်အားပြင်းမုန်တိုင်းဝင်၊ ကမ္ဘာကျော်ဗင်းနစ်မြို့ လေးပုံသုံးပုံ ရေမြုပ်


အီတလီနိုင်ငံကို အင်အားပြင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ရာ ကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်တစားလာရောက်လေ့ရှိသည့် နာမည်ကျော် ဗင်းနစ်မြို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးလူ ၅ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို AP သတင်းဌာနက ရေးသားဖော်ပြသည်။ 
တူးမြောင်းငယ်များထဲတွင် လှေငယ်များဖြင့် သွားလာရခြင်း၊ သပ်ရပ်လှပသည့် ရှေးဟောင်းအဆောက်အအုံများရှိခြင်းကြောင့် နာမည်ကျော်လာသည့် ဗင်းနစ်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က လေပြင်းများ တိုက်ခတ်သလို ရေလွှမ်းမိုးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ 

အာဏာပိုင်များအဆိုအရ ယခုတစ်ကြိမ် တိုက်ခတ်သောမုန်တိုင်းကြောင့် တူးမြောင်းများတွင် စံချိန်တင်ရေတက်လာသည်။ 

ရောမမြို့နှင့် မဝေးကွာသည့်နေရာတွင် မုန်တိုင်းကြောင့် သစ်ပင်ပြိုလဲရာမှ လူနှစ်ဦး မော်တော်ကားအတွင်း ပိတ်မိကာ သေဆုံးသွားရသည်။ ဆိုဗိုနာတွင်လည်း အဆောက်အအုံခေါင်မိုးတစ်ခုပြုတ်ကျရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။ 

ဗင်းနစ်တွင်မူ ကမ္ဘာလှည့်ခရီးသည်များမှာ မိုးများသည်းထန်စွာရွာသွန်းသည့်ကြားမှ လှည့်လည်ကြည့်ရှုနေသည်ကို တွေ့ရသည်။ သို့သော် ရေများအဆမတန်တက်လာသောကြောင့် နာမည်ကျော် St. Mark's Square နေရာသို့ ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်ခွင့်ပိတ်ပင်လိုက်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

တူးမြောင်းများဘေးတွင် လမ်းလျှောက်ရန်ထားရှိသော သစ်သားပလက် ဖောင်းများလည်း ရေမြုပ်ခဲ့သည်ကို တွေ့ရသည်။ မိသားစုများမှာ ကလေးငယ်များကို ချီပိုးကာ ရေလွှမ်းမိုးနေသောဗင်းနစ်တစ်လျှောက် လှည့်လည်သွားလာနေသည်ကိုလည်း တွေ့ရသည်။ အများစုမှာ ၎င်းတို့၏ ရှူးဖိနပ်များကိုကိုင်ကာ ခြေဗလာဖြင့် သွားလာလျက်ရှိသည်။ 

ရေများမှာ ဗင်းနစ်မြို့တွင် ၁၅၀ စင်တီမီတာအထိ မြင့်တက်လာရာ ယင်းအတိုင်းအတာသည် စံချိန်ထက် ငါးဆမျှ မြင့်တက်လာခြင်းဖြစ်သည်ဟု မိုးလေဝသဌာနက ဆိုသည်။ အီတလီတွင် ၁၉၆၆ ခုနှစ်က ရေလွှမ်းမိုးမှုကြီးဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။ 

မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုများကြောင့် ဂီနိုအာ၊ ရောမ၊ ဗန်နီတိုနှင့် မြောက်ပိုင်းဒေသရှိ မြို့အတော်များများတွင် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။ 

မိုးလေဝသဌာန၏ ကြေညာချက်အရ မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၀ ကီလိုမီတာခန့်ဖြင့် အီတလီနိုင်ငံထဲသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနေဦးမည်ဖြစ်သည်ဟု ဆိုသည်။ 

အီတလီအာဏာပိုင်များ၏ အဆိုအရ ဗင်းနစ်မြို့၏ လေးပုံသုံးပုံကျော်ခန့်မှာ ရေလွှမ်းလျက်ရှိကြောင်း၊ မုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ခြောက်ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဗင်းနစ်၌ သွားလာနေသော ကမ္ဘာလှည့်ခရီးသည်များသာမက မြို့ခံပြည်သူများမှာ ရေလျှံမှုများကြောင့် တူးမြောင်းထဲသို့ ပြုတ်ကျသွားမည်ကို စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

The Voice

0 comments:

Post a Comment