Wednesday, October 31, 2018

ချင်းဒုက္ခသည်များအရေး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံဆွေးနွေးမည်


ပြည်ပတွင် ရောက်ရှိနေသော ချင်းဒုက္ခသည်များအရေး နှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် နိုဝင်ဘာ ၃ ရက် တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းလူမှုရေးအသင်း ရန်ကုန်မှ သိရသည်။ 
’’ချင်းဒုက္ခသည်တွေ ပြည်ပမှာ ရှိနေတာကို ဘယ်လိုကူညီမလဲဆို တာထက် ဘယ်လိုအဖြေရှာမလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပြည်ပရောက်နေတဲ့ ချင်း ဒုက္ခသည်တွေအတွက် အခုဆွေးနွေးမယ့် အရာက ပထမဦးဆုံးဖြစ်ပါလိမ့်မယ်။ ဒုသမ္မတနဲ့တော့ ကြိုတင်တိုင်ပင်ထားတာ ဆွေးနွေးထားတာမရှိပါဘူး။ တွေ့မှ ဆွေးနွေးပြောဆိုမှာပါ’’ဟု ချင်းလူမှုရေးအသင်း ရန်ကုန်မှ အတွင်းရေးမှူး ပူးနိုင်းထန်းက ပြောသည်။ 

လက်ရှိတွင် ချင်းဒုက္ခသည်များ မှာ မလေးရှား၌ လူဦးရေ ၃၀၀၀၀ ၀န်းကျင်၊ အိန္ဒိယနိုင်ငံတွင် ၅၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။ အဆိုပါ ချင်းဒုက္ခသည်များမှာ ၁၉၈၈ ခုနှစ်မှ၂၀၁၀ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာကာ နေထိုင်ခိုလှုံကြသူများဖြစ်ကြောင်း သိရသည်။ 

ချင်းတိုင်းရင်းသား ဒုက္ခသည်များကို UNHCR မှ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် သင့်ကြောင်း မှတ်ချက်သဘောထားပြုထားပြီး နောက် ချင်းတိုင်းရင်းသားများဘက်ကမူ နေရပ် ပြန်ရန် အခက်အခဲတို့ရှိနေကြောင်း သိရသည်။ 

များပြားလှသော ချင်းတိုင်းရင်းသားများကို ချင်းပြည်နယ်တွင် ပြန်လည်လက်ခံရန်မှာ လည်း ၄င်းတို့အတွက် နေထိုင်စားသောက်မှုများ ပြန်လည်စီစဉ်ပေးရန်မှာ အကြပ်အတည်းဖြစ်နိုင်ကြောင်း ချင်းနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကလည်း ဆိုသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)


0 comments:

Post a Comment