Wednesday, October 31, 2018

တာချီလိတ်မှာ နေအိမ်ထဲဝင်ပြီး ဓါးဖြင့်ခုတ်၊ သေနတ်နဲ့ပစ်မှုဖြစ်ပွား


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု ဂျောပကျေးရွာမှာ ယမန်နေ့မနက်ပိုင်းက နေအိမ်အတွင်းဝင် ဓားနဲ့ခုတ် ၊ သေနတ်နဲ့ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။ 
အဆိုပါဖြစ်စဉ်ဟာ အောက်တိုဘာ ၃၁ မနက် ၉ နာရီလောက်မှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 
ဂျောပရွာနေ ဦးအားရှော ဆိုသူဟာေ နအိမ်အတွင်းရှိနေစဉ် တစ်ရွာတည်းသား ကေမီးဆိုသူက နေအိမ်အတွင်းဝင်လာပြီး ဓားနဲ့ခုတ်၊ တူမီးသေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 
ယခင်ရှိဖူးတဲ့ ရန်ညိုးရန်စကြောင့်အခုလိုလုပ်တာလို့လည်း အာဏာပိုင်တွေက စုံစမ်းရရှိမှုအပေါ် ပြန်ပြောပြပါတယ်။ 
အခင်းဖြစ်ချိန်မှာ ဦးအားရှော ရဲ့ ဇနီးဖြစ်သူ ဒေါ်ဘူးရီဟာ တောင်ယာမှာအလုပ်သွားလုပ်နေချိန်ဖြစ်တယ်လို့လည်းသိရပါတယ်။ 
ဖြစ်စဉ်ကြောင့် ဓားနဲ့ခုတ် သေနတ်နဲ့ပစ်ခံရတဲ့ ဦးအားရှော ဟာ ဦးခေါင်းငယ်ထိပ်၊ နားရွက်နဲ့ မေးစေ့တို့မှာ ဒဏ်ရာတွေရရှိခဲ့ကြောင်း၊ တူမီးသေနတ်ကျည်ဖောက်ဝင်ဒဏ်ရာလည်းရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေရတယ်လို့ သိရပါတယ်။ 
လက်ရှိမှာ ကျူးလွန်သူ ကေမီး(အသက် ၅၅)နှစ်ကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ 

Photo- တာချီလိတ်နာရေးကူညီမှုအသင်း
Popular News Journal 

0 comments:

Post a Comment