Wednesday, October 31, 2018

ကျောင်းကားစံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သည့် ယာဉ်မျိုးကိုမဆို ပြေးဆွဲခွင့်ပြုမည်ဟု အာဏာပိုင်အဖွဲ့ပြော


ကျောင်းကားစံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သည့်ယာဉ်အမျိုးအစားကိုမဆို ပြေးဆွဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ 
ကျောင်းကားစနစ်ကို အများပိုင်စနစ်ဖြင့် ပြေးဆွဲနိုင်ရန်အတွက် အာဏာပိုင်အဖွဲ့မှ စီစဉ် ဆောင်ရွက်နေသော်လည်း ကျောင်းကားယာဉ်ပိုင်ရှင်အများစုသည် တစ်ဦးပိုင်စနစ်ဖြင့်သာ ပြေးဆွဲလိုကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၆ ရက်တွင် ပြဌာန်းခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သဘောတူညီချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းရာတွင် ဘယ်မောင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုခဲ့သည့်အတွက် ကျောင်းကား ယာဉ်ပိုင်ရှင်များသည် ကျောင်းကားစံနှုန်းသတ်မှတ်ချက်တွင် ပါဝင်သည့် ဘယ်မောင်းကားသာ ဖြစ်ရမည့်ဆိုသည့် အချက်ကို ပယ်ဖျက်ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ဟိုတစ်နေ့က ကျောင်းကားပိုင်ရှင်တွေနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့တော့ သူတို့ဘာမှမပြောဘူး။ ဝန်ကြီးချုပ်ကတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကားကို ပြေးဆွဲခွင့်ပြုမယ်ဆိုပြီး ပြောတယ်။ 

အဲဒီထဲမှာ ဘယ်မောင်းဆိုတဲ့ အချက် ပါချင်မှလဲ ပါမှာပေါ့ ။ ဒါက ပြည်ထောင်စုအဆင့်က လုပ်တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။ 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လာမည့် ပညာသင်နှစ်မှစတင်၍ ပြေးဆွဲမည့် ကျောင်းကားများကို အချက် ၁၂ ချက်သတ်မှတ်ထားပြီး ခရီးသည် ၁၀ ဦးအထက် တင်ဆောင်နိုင်သည့် Micro Bus ၊ Mini Bus ယာဉ်အမျိုးအစားဖြစ်ပြီး ယာဉ်ပေါ်တွင် အသက်ကယ်ထိုင်ခုံခါးပတ်၊ မီးသတ်ဆေးဘူး အစရှိသည့် အချက်များ ပါဝင်ကာ ကျောင်းကားမှန်း သိသာထင်ရှားစေရန်အတွက် ဆေးအဝါရောင် မှုတ်ရမည်ဖြစ်ပြီး ထင်ရှားသည့် School Bus စကားလုံးကို ရေးထားရမည်ဖြစ်ကြောင်း လည်း သိရသည်။ 

စုသက်နှင်း (အကုန်သိသတင်းဌာန)


0 comments:

Post a Comment