Wednesday, October 31, 2018

ဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်စွာ စမ်းသပ်ခဲ့ဟု အမေရိကန်ပြော


အဓိက ဒုံးကျည် ကာကွယ်ရေးစနစ်ကို အောက်တိုဘာ ၂၆ ရက်က အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပြီလို့ အမေရိကန်စစ်တပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ အီရန်လိုနိုင်ငံတွေဆီက တာလတ်ပစ် ဒုံးကျည်တွေကို ပစ်ချဖို့ အမေရိကန်ရဲ့ စွမ်းရည်တိုးလာတာကို ပြနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

နောက်ဆုံး စမ်းသပ်ခဲ့တဲ့ The Aegis စနစ်ဟာ ရေသီယွန် ကုမ္ပဏီနဲ့ ဂျပန်ရဲ့ မစ်ဆူဘီရှိ အကြီးစား စက်မှုလုပ်ငန်း လီမိတက်တို့ ပူးတွဲထုတ်လုပ်တဲ့ ဒုံးခွင်းဒုံးစနစ် Standard Missile 3 Block IIA နဲ့ ကိုက်ညီပါတယ်။

ဒါဟာ ဒုတိယမြောက် တဆက်တည်း အောင်မြင်မှုပါ။ အရင်အကြိမ်တွေက ကြားဖြတ် ဟန့်တားမှု မအောင်မမြင် ဖြစ်စေတဲ့ ပုံစံထုတ်မှု အားနည်းချက်တွေကို ပြင်ဆင်ဖြေရှင်း ပြီးတာမို့ အမေရိကန် လေကြောင်းရန်ကာကွယ်ရေး အေဂျင်စီကိုလည်း ယုံကြည်စိတ်ချမှု ပေးနိုင်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

လေကြောင်းရန် ကာကွယ်ရေးစနစ်များ တီထွင်စမ်းသပ်မှု တိုးမြှင့်ရေး အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Missile Defense Advocacy Alliance ရဲ့ ဥက္ကဋ္ဌ ရိခိ အယ်လစ်ဆန်ကတော့ ဒီစမ်းသပ်မှုဟာ ပိုလန်မှာ တပ်ချမယ့်စနစ်အတွက် စီမံကိန်းတွေကို သူ့လမ်းကြောင်းပေါ် ရောက်စေလိမ့်မယ်လို့ ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့ ရည်မှန်းထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး ကွန်ရက်ထဲမှာ ပိုလန်နိုင်ငံဟာလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါပါတယ်။ ဒါပေမယ့် ဒီကွန်ရက်ကို ရုရှားက သံသယနဲ့ စောင့်ကြည့်နေပါတယ်။

DVB





0 comments:

Post a Comment