Wednesday, October 31, 2018

မြန်မာက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှနှင့် သမုဒ္ဒရာပိုင်းဇုန် ရွက်လှေပြိုင်ပွဲ အမေရိကန်ဒေါ်လာ လေးသိန်းခန့် သုံးစွဲမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် အာရှနှင့် သမုဒ္ဒရာ ပိုင်းဇုန်ရွက်လှေပြိုင်ပွဲကို အမေရိကန်ဒေါ်လာ လေးသိန်းခန့်သုံးစွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်း ကျော်မိုးမြင့်က ပြောကြားသည်။ 
ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်က ဦးဆောင်ကာ နိုဝင်ဘာလ ၁၀ ရက်မှ ၁၇ ရက်အတွင်း ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လူငယ်ရွက်လှေ ကစားသမား ၁၃၀ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ 

“အခုကျင်းပမယ့်ပြိုင်ပွဲက သမိုင်းတစ်လျှောက် ပထမဆုံးကျင်းပမယ့်ပွဲပါ။ ကမ္ဘာ့အဆင့်ပွဲပြီးရင် ဒီပွဲက ဒုတိယပြိုင်ပွဲကြီးလို့ ပြောလို့ရပါတယ်။ ဒီပွဲအတွက် အမေရိကန်ဒေါ်လာလေးသိန်းလောက်သုံးစွဲသွားမှာပါ”ဟု ဦးဖုန်းကျော်မိုးမြင့်က ပြောဆိုသည်။ 

ယင်းပြိုင်ပွဲတွင် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ လူငယ်ကစားသမားများ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

မြန်မာအသင်းအနေနှင့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပျမ်းမျှအသက်မှာ ၁၂ နှစ်အရွယ်ရှိကြပြီး လက်ရှိကမ္ဘာ့ထိပ်သီးကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ယခုပြိုင်ပွဲမှာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော International Optimist Dinghy Association (IODA) က ဦးစီးပြုလုပ်သည့် နိုင်ငံတကာ အသိအမှတ်ပြုရွက်လှေပြိုင်ပွဲတစ်ရပ်ဖြစ်ကာ အသက် ၁၅ နှစ်အောက် လူငယ်များသာ အသုံးပြုနိုင်သော တစ်ဦးတည်းစီးနင်းရသည့် ရွက်လှေငယ်များဖြင့် ယှဉ်ပြိုင်ကြမည်ဟု အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

The Voice


0 comments:

Post a Comment