Wednesday, October 31, 2018

MLM လုပ်ငန်းကို အစိုးရမှ တရားမဝင် ပိတ်သိမ်းလိုက်သဖြင့် လုပ်ကိုင်သူ တစ်သိန်းကျော်နှင့် မှီခိုသူ တစ်သန်းကျော် နစ်နာဟုဆို


MLM လုပ်ငန်းများကို အစိုးရမှ တရားမဝင်ဟုဆိုကာ ပိတ်သိမ်းလိုက်သဖြင့် ယင်းလုပ်ငန်း လုပ်ကိုင်သူ တစ်သိန်းကျော်နှင့် နောက်တွင်မှီခိုသူ တစ်သန်းကျော်တို့မှာ နစ်နာနေကြောင်း MLM လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သည့် ကွန်ရက်တည်ဆောက် ဖြန့်ချိရေးစနစ် တားမြစ်ပိတ်ပင်ထားခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်သွားကြသော ပြည်သူများနှင့် ယင်းMLM စနစ်ဖြင့် ရပ်တည်နေကြသော အသက်အရွယ်အမျိုးမျိုး လူတန်းစားအလွှာ အသီးသီးမှ ရင်တွင်းစကားများကို ပြောကြားသည့် သတင်းစာရှင်းလင်းပွဲ၌ ၄င်းတို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

’’ကျွန်မက ကျောင်းဆရာမပါ။ နာမည်က အလိမ္မာပါ။ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ နေပါတယ်။ ကျွန်မ MLM လုပ်ငန်းကို လုပ်ကိုင်လာတဲ့ နှစ်တွေ မနည်းတော့ပါဘူး။ MLM လုပ်ငန်းမှာ မမှန်တာတွေရှိသလို စစ်မှန်တဲ့ MLM လုပ်ငန်းတွေလည်းရှိပါတယ်။ ဒီလုပ်ငန်းက မိသားစုဝင်ငွေကို ရရှိစေသလို ကျန်းမားရေး အထောက်အကူပြု ဖြည့်စွက်စာတွေကိုပါ ရောင်းချတာ ဖြစ်တဲ့အတွက် ကျန်းမာရေး မကောင်းတဲ့လူတွေအတွက် အသုံးဝင်ပါတယ်။ လူတွေထင်နေကြသလို MLM လုပ်ငန်းတိုင်း မဟုတ်တာလုပ်တာ မဟုတ်ဘူးဆိုတာ သိအောင်ပါ။ အခုလို MLM လုပ်ငန်းကို ပိတ်ထားတာ တစ်လကျော်ပြီဖြစ်တဲ့အတွက် ဖြည့်စွက်စာ လိုနေတဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် ဖြည့်စွက်စာကို ရောင်းလို့ မရတော့ဘူး။ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းကို လုပ်ကိုင်နေသူပေါင်း တစ်သိန်းကျော်နဲ့ သူတို့နောက်မှာ မှီခိုနေတဲ့ မိသားစုဝင်တွေ တစ်သန်းကျော် ရှိပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ဒီကိစ္စကို သေချာပြန်ပြီး စိစစ်စေချင်ပါတယ် ဟု MLM လုပ်ငန်း လုပ်သူတစ်ဦးဖြစ်သည့် မအလိမ္မာက အကုန်သိသတင်းဌာနကို ပြောသည်။

အစိုးရ က MLM လုပ်ငန်းများကို စက်တင်ဘာ ၁၈ ရက်တွင် တရားမဝင်ဟုဆိုကာ လုပ်ငန်းများ ဆက်မလုပ်ရန် တားမြစ်ခဲ့ခြင်းကြောင့် MLM လုပ်ငန်း လုပ်ကိုင်ကြသူများ အဘက်ဘက်မှ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ၊ စစ်မှန်သည့် MLM လုပ်ငန်းများကို စိစစ်ပြီး သတ်မှတ်ထားသည့် ဥပဒေများ ပြဋ္ဌာန်းကာ MLM လုပ်ငန်းများကို အစိုးရ အနေဖြင့် ပြန်လည်ခွင့်ပြု ပေးစေလိုကြောင်း MLM လုပ်ငန်း လုပ်ကိုင်ကြသူများက ပြောကြားသည်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment