Wednesday, October 31, 2018

နာဂဒေသတွင် အသက်ရှူကျပ်သည့်ရောဂါဖြစ်ပြီး ကလေးငယ်လေးဦး သေဆုံး၊ ကလေးငယ် ၃၀ ကျော် ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်နေ


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးမြို့ ရန်နောနုတ်ညိုကျေးရွာတွင် ကလေးငယ်များ၌ အသက်ရှူကျပ်သည့်ရောဂါ ဖြစ်ပွားခဲ့ပြီး ကလေးငယ်လေးဦး သေဆုံးကာ ကလေးငယ် ၃၀ ဦးခန့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေကြောင်း ဒုံဟီးမြို့ခံ ဦးလော်တိုးက ပြောကြားသည်။ 
“ဆရာဝန်တစ်ဦးနဲ့ သူနာပြုအဖွဲ့တွေ သွားတယ်။ အသက်ရှူကျပ်တယ်။ ချောင်းဆိုးတယ်ဆိုတာလောက်ပဲ ကြားသေးတယ်။ အခု (အောက်တိုဘာ ၃၁) နန်းယွန်းကနေ သွားနေပြီဗျ”ဟု ဒုံဟီးမြို့အုပ်ချုပ်ရေးမှူး ဦးစိုးမင်းနိုင်က အတည်ပြုသည်။ 

အဆိုပါကျေးရွာတွင် ရောဂါဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်က မောင်ကူဝမ်း ၁၂ နှစ် သေဆုံးခဲ့ပြီး၊ အောက်တိုဘာလ ၂၉ ရက်တွင် မောင်ယွန်းရဲ သုံးလခွဲ၊ အောက်တိုဘာလ ၃၀ ရက်တွင် မညမ်းညဏ်း ၁၀ နှစ်နှင့် အောက်တိုဘာလ ၃၁ ရက်တွင် မောင်ယွန်းရဲ နှစ်လသားကလေးငယ်များသေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

ထို့ပြင် ကျေးရွာရှိ အခြားကလေးငယ်ငါးဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေပြီး အခြားကလေးငယ် ၃၀ ဦးခန့်မှာလည်း ဆေးဝါးကုသမှု ခံယူရန် လိုအပ်လျက်ရှိနေကြောင်း ဦးလော်တိုးက ရှင်းပြပြောဆိုသည်။ 

“ရောဂါကတော့ ဘာရောဂါဖြစ်တယ်လို့ မသိရသေးဘူး။ အသက်ရှူကျပ်တဲ့ ရောဂါလို့ပဲ သိရသေးတယ်”ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့်ဩဂုတ်လ ၁၈ ရက်မှစ၍ စက်တင်ဘာလ ၁၅ ရက်အထိ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာ ၇ ရွာမှ အိမ်ထောင်စု ၆၃၉ စု၊ လူဦးရေ ၂၁၃၁ ဦးတွင် ဖျားနာသူ ၁၃၈၆ ဦးရှိပြီး သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်။ 

ရန်နောနုတ်ညိုကျေးရွာသည် ဒုံဟီးမြို့နှင့် မိုင် ၄၀ ကျော် ကွာဝေးပြီး ဆိုင်ကယ်ဖြင့်ဆိုပါက သုံးနာရီကြာစီးရသည့်နေရာတွင်တည်ရှိသည့် ကျေးရွာလည်းဖြစ်သည်။ 

၂၀၁၇ ခုနှစ်အတွင်းကလည်း နာဂဒေသ၊ လဟယ်မြို့နယ်၊ လောနောကုန်းကျေးရွာတွင် ချောင်းဆိုးရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၀ ဦးကျော်ရှိခဲ့သည်။ 


ထို့ပြင်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က နန်းယွန်းမြို့နယ်၊ ကဲဆန်ကားလန်၊ ကဲဆန်ဆာလင်၊ ကဲဆန်လောင်ကျန်၊ ရှိတ်ညိုနှင့် ကဲဆန်ဘောက်လွန်ရွာစသည့် ကျေးရွာငါးရွာအပြင် လဟယ်မြို့နယ်ရှိ ကျေးရွာအချို့မှ ကလေးများနှင့် လူကြီးများ၌ ဝက်သက်ရောဂါအပါအဝင် ကူးစက်ရောဂါကပ်ဘေးကျရောက်ခဲ့မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့သည်။

The Voice 



0 comments:

Post a Comment