Wednesday, October 31, 2018

(၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများ နေပြည်တော်တွင်ကျင်းပ


(၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (12th ASEAN Ministerial Meeting on Transnational Crime and its Related Meeting-12th AMMTC) ကို အောက်တိုဘာ ၃၁ ရက်၊ နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
အဆိုပါ 12th AMMTC နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့်များ၊ ဆွေးနွေးဘက် နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဆိုင်ရာဌာနအကြီးအကဲများ အစည်းအဝေး (DGICM)မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံများ အလိုက် အဆင့်မြင့်အရာရှိကြီးအဆင့် ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များတက်ရောက်သည်။ 

အဆိုပါအစည်းအ​ဝေးဖွင့်ပွဲ အခမ်းအနားအပြီးတွင် အာဆီယံဝန်ကြီး အဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး ကို ဆက်လက်ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက 12th AMMTC သဘာပတိအဖြစ် ဆောင်ရွက်သည်။ 

အစည်းအဝေး ပထမနေ့တွင် အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးများက ဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှုမြင်သုံးသပ်ချက်များ၊ နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။ 

ထို့နောက် (၂၂)ကြိမ်မြောက် DGICM ၏ ကောင်စစ်ဆိုင်ရာ အကူအညီပေးရေးလမ်းညွှန်ချက်၊ အစွန်းရောက် ဝါဒနှင့် အစွန်းရောက်များ ပေါက်ဖွားလာမှု ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၅ နှင့် 13th AMMTC လက်ခံကျင်းပမည့် နိုင်ငံတို့ကို ဆွေးနွေး အတည်ပြုခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည်။ 

(၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၁ ရက်တွင် အဆိုပါကွန်ဗင်းရှင်းစင်တာ၌ အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဘက် တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံတို့ ပါဝင်သည့် AMMTC ၏ ဆက်စပ်အစည်းအဝေးများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

Credit - ပြန်ကြားရေးဝန်ကြီးဌာန 
The Ladies News

0 comments:

Post a Comment