Tuesday, October 30, 2018

မြန်မာနိုင်ငံအစိုးရဌာနကိုယ်စားလှယ်များနှင့် ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့အကြား ဆွေးနွေးပွဲ ကျင်းပ


မြန်မာနိုင်ငံအစိုးရဌာနကိုယ်စားလှယ်များနှင့် ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့အကြား ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ၁၄၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဦးဆောင်၍ လည်းကောင်း၊ ဥရောပသမဂ္ဂဘက်မှ ကုန်သွယ်မှုညွှန်ကြားမှုဌာန ဒုတိယညွှ န်ကြားရေးမှူးချုပ် Ms. Helena Konig က ဦးဆောင်၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ 
အစည်းအဝေးတွင် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား ပေးအပ် ထားသော Generalised Scheme of Preferences (GSP) / Everything but Arms (EBA) arrangement ကုန်သွယ်မှု အခွင့်အရေးများကို ရုတ်သိမ်းမည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် ထိခိုက်နစ်နာနိုင်မှု အခြေအနေတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ခံမှုကိစ္စ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ ချောမွေ့စွာ ပေးအပ်နိုင်ရေးကိစ္စ၊ နေရပ်စွန့်ခွာသူများ၏ လူနေမှု အခြေအနေများ တိုးတက်ကောင်းမွန်ရေး၊ တစ်ဖက်နိုင်ငံ ရောက် နေရပ်စွန့်ခွာသူများ ကိုယ်ပိုင်ဆန္ဒဖြင့် လုံခြုံကောင်းမွန်စွာ ပြန်လာနိုင်စေရန်အတွက် အခြေအနေကောင်းများ ဖန်တီးရေးကိစ္စ၊ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတရှိစွာ ပေါင်းစည်း နေထိုင်ရေးကိစ္စ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိစ္စတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ 

အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂဘက်မှ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

Credit - ministry of foreign affairs myanmar 
The Ladies News

0 comments:

Post a Comment