Monday, October 1, 2018

ဆေးရုံမှာဆေးမရှိလို့ လူနာကိုအိမ်ပြန်လွှတ်ရတဲ့အခြေအနေတွေ နာဂဒေသ နန်းယွန်းမှာ မကြာခဏကြုံတွေ့ရဟုဆို


ဆေးရုံမှာဆေးမရှိလို့ လူနာကိုအိမ်ပြန်လွှတ်ရတဲ့အခြေအနေတွေ နာဂဒေသ နန်းယွန်းမှာ မကြာခဏကြုံတွေ့ရတယ်လို့ ဒေသလွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။ 
အောက်တိုဘာ ၁ ရက်နေ့က စစ်ကိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က နန်းယွန်းမြို့နယ်မှာ ချွတ်ခြုံကျနေတဲ့ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

ကျေးလက်ကျန်းမာရေးဌာနအချို့မှာ သားဖွားဆရာမတွေခန့်ထားခြင်းမရှိကြောင်း၊ ဒါ့အပြင် ဆေးဝါးလုံလောက်မှုမရှိတာအပြင် ဆေးရုံမှာဆေးမရှိလို့ အိမ်ကိုပြန်လွှတ်ရတဲ့အခြေအနေတွေမကြာခဏကြုံတွေ့ရကြောင်း ဦးစိမ်းမောင်က ဆိုပါတယ်။ 

"ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုတော့ ပြည်သူလူထုတွေက စာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုမကြာခဏတင်ပြရတဲ့အတွက် ဆေးဝါးတွေလုံလောက်မှုမရှိဘူးဆိုတာသိရတာဖြစ်ပါတယ်။ ဒါကိုဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာသိချင်ပါတယ်" လို့ သူက ပြောပါတယ်။ 

နှစ်စဉ်လိုလို မေလကနေစက်တင်ဘာလအတွင်းမှာဖြစ်ပွားတဲ့ ဖျားနာခြင်းဘေးဆိုးကိုလည်း ကြုံတွေ့နေရကြောင်း၊ ဒီလိုမျိုးရောဂါဘာကြောင့်ဖြစ်ရတယ် ဘာအမျိုးအစားလဲဆိုတာနဲ့ လာမယ့်နှစ်ဒီလိုကာလမျိုးမှာမဖြစ်ပွားရအောင် အစိုးရအနေနဲ့ဘယ်လိုကြိုတင်ကာကွယ်ဆောင်ရွက်သွားမလဲသိချင်ကြောင်းနဲ့ နန်းယွန်းမြို့နယ်မှာ ရှိတဲ့ ကလေးသူငယ်များနဲ့အမျိုးသမီးတွေကို လူတိုင်းစေ့ကာကွယ်ဆေးထိုးပေးနိုင်ခြင်းရှိ/မရှိ၊ မြို့နယ်ပြည်သူ့ဆေးရုံ ဒုံဟီးတိုက်နယ်ဆေးရုံ ပန်ဆောင်တိုက်နယ်ဆေးရုံနဲ့ ကျေးလက်ကျန်းမာရေးဌာနများတွေမှာလစ်လပ်နေတဲ့ဝန်ထမ်းတွေနဲ့ ဆေးဝါးတွေ လုံလောက်စွာချထားပေးဖို့ ရှိ/မရှိ ၊စာသင်ကျောင်းဖွင့်တဲ့ရာသီမှာကျောင်းကျန်းမာရေးအစီအစဉ်နဲ့ ပြည်သူလူထုကျေးရွာတွေမှာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွေ လစဉ်ပြုလုပ်ပေးဖို့ရှိ/မရှိစတဲ့မေးခွန်းတွေကို စစ်ကိုင်းတိုင်းအစိုးရထံ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ 

ဒေသမှာ အဆိုပါ ရောဂါ ၃ နှစ်ဆက်တိုက်ဖြစ်ခဲ့လို့ နှစ်စဉ်လူအသေအပျောက်ဖြစ်ခဲ့ဆုံးရှုံးခဲ့ကြောင်း ၊ တာဝန်ရှိသူတွေကလည်း ရောဂါထိန်းချုပ်ပြီးချိန်မှာ ဒီကိစ္စဟာနောင် ဘယ်လိုဆက်လုပ်ရမလဲဆိုတာမေ့မေ့ပျောက်ပျောက်ဖြစ်နေတာတွေ့ရကြောင်း၊ ၂၀၁၇-၁၈ နန်းယွန်းမှာတာဝန်ကျတဲ့ဆရာ/ဆရာမ တွေဟာ သူတို့ ရဲ့ကျေးရွာတွေဆီမရောက်တာတွေ့ရကြောင်း၊ ပြည်သူလူထုရဲ့အသက်ဟာတန်ဖိုးရှိတာကြောင့် မသေသင့်ဘဲမသေရအောင် ဂရုစိုက်စောင့်ရှောက်ပေးသင့်ကြောင်း သူကဆိုပါတယ်။ 

"ကျွန်တော့ဒေသမှာ လူအသေအပျောက်များတဲ့ ဒုက္ခဝေဒနာခံစားရချိန်မှာပဲ နာဂဦးစီးအဖွဲ့တွေဟာတစ်စုံတစ်ရာတုံ့ပြန်တာမျိုး ကွင်းဆင်းကြည့်ရှူတာမျိုးမရှိတာကိုလည်းအံ့သြစွာတွေ့မြင်ရပါတယ်" လို့ ဦးစိမ်းမောင် ကဆိုပါတယ်။ 

ဒါပေမဲ့ အဆိုပါရောဂါဖြစ်ပွားနေချိန်မှာ တိုင်းကျန်းမာရေး၊ ခန္ဓီးအခြေစိုက် စစ်ဗျူဟာ ၊အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းတွေက ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က ပြန်လည်ဖြေကြားရာမှာ နန်းယွန်းမြို့နယ်အတွင်းကျန်းမာရေးနဲ့ပတ်သက်လို့ ခွင့်ပြုအင်အားရဲ့ ၈၂.၆၉ရာခိုင်နှုန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကနေစပြီးတော့ ၆ လတာအတွက် ဆေးဝါး ၆၇ မျိုးနဲ့ ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားတဲ့ အခြားသောမေးခွန်းတွေကိုတော့ လူမှုရေးဝန်ကြီးအနေနဲ့ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။ 

Popular


0 comments:

Post a Comment