Tuesday, October 30, 2018

၂၀၁၅ ခုနှစ်နောက်ပိုင်း တူနီးရှား၌ ဖြစ်ပွားသည့် ပထမဆုံးတိုက်ခိုက်မှုတွင် အမျိုးသမီး အသေခံဗုံးခွဲသမားကြောင့် လူ ၂၀ ဒဏ်ရာရ


တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်၏ မြို့လယ်ပိုင်း လူစည်ကားသော လမ်းတစ်လမ်းတွင် အောက်တိုဘာ ၂၉ ရက်က အမျိုးသမီးတစ်ဦး၏ အသေခံဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်တူးနစ်ထဲ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခြင်း မရှိသည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီးနောက် ယခုပထမဆုံးအကြိမ် ပြန်၍ဖြစ်ပွားခြင်း ဖြစ်သည်။
“ ဒါဟာ ကံဆိုးမိုးမှောင်ကျမှုတစ်ခုပါ” ဟု တူနီးရှားသမ္မတ ဘီဂျီကေ့အက်ဆက်စီက ဂျာမနီမြို့တော် ဘာလင်သို့ရောက်ရှိနေစဉ် ပြောကြားခဲ့သည်။ “အကြမ်းဖက်မှုတွေကို အမြစ်ဖြတ်နိုင်ခဲ့ပြီလို့ ကျွန်တော်တို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ မြို့တော်ထဲမှာ ရှိနေပါသေးတယ်” ဟု သမ္မတက ပြောကြားခဲ့သည်။

ဒဏ်ရာရသူများထဲတွင် ရဲအရာရှိ ၁၅ ဦးနှင့် ဆယ်ကျော်သက်နှစ်ဦးပါဝင်ခဲ့ပြီး ပြင်းပြင်းထန်ထန်ဒ ဏ်ရာရသူမရှိခဲ့ပေ။ အထက်တန်းလွှာရပ်ကွက်ထဲမှ ဟာဘစ်ဘော်ဂီဘာ ရိပ်သာလမ်းတွင် ရဲကားများအနီး၌ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သော ထိုအမျိုးသမီးသည် အသက် ၃၀ အရွယ်ရှိ အမ်နာဂူဘလာဆိုသူ အမျိုးသမီးဖြစ်ကြောင်း အစိုးရရှေ့နေရုံးက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံအရှေ့ပိုင်း မာဒီယာမှဖြစ်သော ထိုအမျိုးသမီးသည် အင်္ဂလိပ်ဘာသာဖြင့် ဘွဲ့ရထားသူဖြစ်ကြောင်း ထိုရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဆိုဖီယန်နီဆလီတီက ပြောကြားခဲ့သည်။

ဂူဘလာသည် ဘွဲ့နှင့်ပတ်သက်၍ အလုပ်မရရှိထားဘဲ မိသားစုအား ကူညီရန် သိုးထိန်းအဖြစ် တစ်ခါတစ်ရံလုပ်ကိုင်ခဲ့ကြောင်း တူနီးရှားမီဒီယာများက ဖော်ပြခဲ့သည်။

ရဲတို့၏ ပြောကြားချက်အရ ဗုံးခွဲသူ အမျိုးသမီးသည် ဖောက်ခွဲရေးခါးပတ်ဝတ်စုံကိုဝတ်ဆင်ထားခြင်းဟုတ်ဖွယ်မရဘဲလက်လုပ်ဗုံးတစ်လုံးကိုသာ သယ်လာခြင်းဖြစ်နိုင်သည်ဟု သိသည်။ ထိုဖောက်ခွဲမှု မဖြစ်မီရိပ်သာလမ်းထဲမှာပင် ပြီးခဲ့သည့် သီတင်းပတ်က အကောက်ခွန်အရာရှိများကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး လူအနည်းငယ်က ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က သမ္မတ အစောင့်တပ်ဖွဲ့များလိုက်ပါလာသော ဘတ်စ်ကားတစ်စီးကို အသေခံဗုံးခွဲခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ရသည်။ IS တို့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှစပြီး နိုင်ငံတစ်ဝန်း၌ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခဲ့ရသည်။ ယခုအမျိုးသမီးဗုံးခွဲသမား ဖြစ်စဉ်မှာမူ ဘတ်စ်ကားဗုံးခွဲမှုဖြစ်ပွားပြီးနောက် မြို့တော်တူးနစ်တွင်ဖြစ်ပွားသည့် ပထမဆုံးတိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

အာဏာရှင် ဇင်အယ်အဘီဒင်ဘင်အလီကို ဖြုတ်ချနိုင်ခဲ့သော ၂၀၁၁ ခုနှစ်အုံကြွမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်း ဂျီဟတ်တိုက်ခိုက်မှုများကြောင့် တူနီရှားတွင် လုံခြုံရေး တပ်ဖွဲ့ဝင်နှင့် ပြည်ပခရီးသွား အများအပြား သေဆုံးခဲ့ရသည်။

၂၀၁၅ ခုနှစ်ဇွန်လကလည်း ကမ်းရိုးတန်းအပန်းဖြေစခန်းဆော်စီတွင် ခရီးသွားများကို ပစ်မှတ်ထားသော ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃၈ ဦးသေဆုံးခဲ့ရသည်။ အဆိုပါနှစ် မတ်လမှာပင် တူးနစ်ရှိ ပြတိုက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုကြောင့်လည်း လူ ၂၂ ဦး သေဆုံးခဲ့ရသည်။

Eleven Media Group

0 comments:

Post a Comment