Tuesday, October 30, 2018

အီးယူ၏ ကုန်သွယ်မှုအထူးအခွင့်အရေး ရုတ်သိမ်းမခံရရန် သံရုံးများနှင့် ချိတ်ဆက် ပြောဆိုမည်​ဟုဆို


မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ(အီးယူ)ကပေးအပ်ထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုတ်သိမ်းခြင်းမခံရရန် ကြိုးပမ်းဆောင်ရွက်နေပြီး သံရုံးများနှင့်ပါ ချိတ်ဆက်ပြောဆို ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း ကုန်​သည်​စက်​မှုအသင်းချုပ်မှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကပြောသည်​။ 
အောက်တိုဘာလ ၃၀ ရက်က ကုန်​သည်​စက်​မှုအသင်းချုပ်​၌ ပြုလုပ်သည့် အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ (EU EBA Monitoring Mission) က လာရောက်တွေ့ဆုံမှုအပေါ် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ တိုးတက်လာမှု အခြေအနေများနှင့်ပတ်သက်၍ ရိုက်ကူးထားသည့် ဗီဒီယိုကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြန့်ချီထားပြီးဖြစ်ပြီး သံရုံးများနှင့်ပါ ချိတ်ဆက်၍ စကားပြောဆိုနိုင်ရန် လုပ်ဆောင်သွားမည်ဟုဆိုသည်​။ 

"ကျွန်မတို့ သံရုံးတွေနဲ့ချိတ်ဆက်ပြီး စကားပြောဖို့အတွက်ကို ကျွန်မတို့ ချိတ်ဆက်နေပါပြီ။ 

ဘာကြောင့်​လဲဆိုရင်​ တချို့သောသတင်းတွေက တခါတရံမှာ ကျွန်​မတို့အနေနဲ့ ဖြေရှင်းဖို့လိုတယ်​ဆိုတာသိပါတယ်​။ တစ်​ခါတလေကျရင်​ ဖြေရှင်းလိုက်​ရင်းနဲ့ ပိုရှုပ်​သွားမှာဆိုးပေမယ့်​ ဒီအချိန်​မှာတော့ ဖြေရှင်းရမယ့်​ကိစ္စတွေကို တချို့သံရုံးတွေနဲ့ ဆက်​သွယ်​နေတဲ့အတွက်​ ဒါကိုလဲ ရပ်​ထားမှာတော့မဟုတ်​ပါဘူး။ဒီအပိုင်းမှာတော့ အလုပ်​သမားသမဂ္ဂများနဲ့ အလုပ်​ရှင်​များက တစ်​သားတည်းနေပါတယ်​ ။ဒါကိုတော့ သေချာပြောရဲပါတယ်​"ဟု ၎င်းကပြောသည်​။ 

မြန်မာနိုင်ငံ၌ ရခိုင်အပါအ၀င် အခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့ အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ နိုင်ငံအတွင်း အလုပ်ရှင် ၊အလုပ်သမားတို့၏ လုပ်ငန်းခွင်အခြေအနေများ၊ ဆက်ဆံရေးများ စသည်တို့အပေါ်တွင် ပြန်လည်စိစစ်​သုံးသပ်လေ့လာရန် အတွက် အီးယူကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့ လာရေး အဖွဲ့မှ မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးပတ်တွင် လာရောက်ခဲ့သည်။ 

အီးယူကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့မှ ဖြစ်သင့်ဖြစ်ထိုက်သော ချင့်ချိန်မှုမျိုးဖြင့် ဥရောပသမဂ္ဂ လွှတ်တော်သို့ ပြန်လည်တင်ပြ ခြင်းဖြစ်ရန် မျှော်လင့်သည်​ဟုဆိုသည်​။ 

" အီးယူအဖွဲ့လာခြင်းကို အသင်းချုပ်အနေနဲ့ကြိုဆိုပါတယ်။ ကဏ္ဍအစုံနဲ့ တွေ့ဆုံဆွေးနွေးမှု အပြီးမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ချင့်ချိန်မှုမျိုးနဲ့ ပြန်လည်တင်ပြတာဖြစ်ဖို့ မျှော်လင့်ပါတယ် " ဟုဒေါ်ခိုင်​ခိုင်​နွယ်​ကပြောသည်​။ 

အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့အနေဖြင့်​ ပြည်တွင်းလုပ်ငန်းရှင်များနှင့်​ တွေ့ဆုံကာ မေးခွန်းများမေးမြန်းသည့်အပေါ် လုပ်​ငန်းရှင်​များမှ ထိထိရောက်ရောက် ပြန်လည်ဖြေကြားနိုင်ခဲ့ကြောင်းဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဠ ဦးမြင့်စိုး ကပြောသည်။ 

ထို့ပြင် ယင်းအဖွဲ့မှ လုပ်ငန်းရှင်များကို ကလေးလုပ်သားအပေါ်ဆောင်ရွက်မှု အခြေအနေ၊ အလုပ်သမားတို့၏ လုပ်ငန်းခွင် အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်​ဟုဆိုသည်​။ 

"အချက်အလက်တွေရှာပြီးရင် ဒီအဖွဲ့က ဥရောပသမဂ္ဂ လွှတ်တော်ကို တင်ပြသွားမယ်။ အီးယူပါလီမန်​က ဒီအပေါ်မှာဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် GSP အခွင့်အရေး ဆက်လက်ရရှိဖို့အတွက် သူတို့အဖွဲ့က တင်ပြမှု တွေက အတော်အရေးကြီးတယ် "ဟု၎င်းကပြောသည်​။ 

ခရီးစဉ်အတွင်း အီးယူအဖွဲ့သည် အစိုးရ၀န်ကြီးဌာနများ၊ အထည်ချုပ် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂများ၊ လုပ်ငန်းကဏ္ဍကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ 

EU အနေဖြင့် မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကစ၍ ကုန်သွယ်မှု အထူးအခွင့်အရေး ပေးခဲ့ပြီး၊ ယင်း အခွင့်အရေးအရ မြန်မာနိုင်ငံ၏ ပို့ကုန်များ ဥရောပသမဂ္ဂ သို့ ၀င်ရောက်ပါက အခွန်ကင်းလွှတ်ခွင့် ရရှိခဲ့ သည်။ 

အီးယူမှ ကုန်သွယ်မှုအခွင့်အရေးပေးရာတွင် လူ့အခွင့်ရေး လေးစားမှု၊ အလုပ်သမားအခွင့်အရေးလေး စားမှုစသည့် လူမှုစီးပွားရေးပတ်ဝန်ကျင်အပေါ် အကျိုးပြုနိုင်သည့်​ အချက်ပေါင်း၂၀ကျော်ကိုအခြေခံ၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂသို့ တင်ပို့သော ပို့ကုန်စုစုပေါင်းတန်ဖိုး၏ ၇၂ ရာခိုင်နှုန်းမှာ ချုပ်ပြီး အထည်များဖြစ်ကာ ၉ ရာခိုင်နှုန်း မှာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပြီး၊ ချုပ်ပြီးဖိနပ်တင်ပို့မှုမှာ ၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရေးတွင် ဥရောပသမဂ္ဂ (အီးယူ)သည် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေစဉ်အခါတွင် နိုင်ငံ၏လက်ရှိအခြေအနေများကို ရေရှည်တိုးတက်ဖွံ့ဖြိုးစေရန် အီးယူ အပါအ၀င် နိုင်ငံတကာမှ အားပေးကူညီရန် အထူးမျှော်မှန်းကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်​။ 

The Fifth Wave News


0 comments:

Post a Comment