Tuesday, October 30, 2018

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံး


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုခဲ့တာတွေဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး၊ ကျေးရွာအများအပြားက ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပါတယ်။ 
အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့လကလည်း မုန်တိုင်းဒဏ်ခံစားခဲ့ရပြီး လူအသေအပျောက်ရှိခဲ့တဲ့ရွာတွေ ဖြစ်ပါတယ်။ 

မိုးကြီးတဲ့အတွက် ဆောက်လုပ်ဆဲ အစိုးရအဆောက်အဦတခုပြိုကျခဲ့ရာမှာ လူ ၂၀ ကျော် ပိတ်မိနေတယ်ဆိုတဲ့သတင်းကိုလည်း အစိုးရက စုံစမ်းနေပါတယ်။ 

မြေပြိုတာတွေကြောင့် လမ်းတွေပိတ်ဆို့နေပြီး၊ လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်နေတဲ့အတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလက အဲဒီဒေသမှာ ကျရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးပျောက်ဆုံးသူ တရာကျော် ရှိခဲ့ပါတယ်။ 

အခုအခါ နိုင်ငံမြောက်ပိုင်း ပြည်နယ်အများအပြားက အရေးပေါ်ခိုလှုံရေးစခန်းတွေမှာ ရွာသူရွာသား တသောင်းကျော် ခိုလှုံနေကြပါတယ်။ 

RFA



0 comments:

Post a Comment