Tuesday, January 1, 2019

စီးပွားရေးပိတ်ဆို့လျှင် နျူကင်းစင်ရေးလုပ်ငန်းကို ပြန်စဉ်းစားမည်ဟု ကင်ဂျုံအန်းသတိပေး


အမေရိကန်သည် မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေပါက နျူကလီးယားကင်းစင်ရေး ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ် စဉ်းစားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 
“တစ်ကမ္ဘာလုံးရှေ့မှာ သူတို့ပြုထားတဲ့ ကတိကို အမေရိကန်ပြည်ထောင်စုက မတည်ဘဲ သမ္မတနိုင်ငံတော်ကို စီးပွားရေး ပိတ်ဆို့မှုနဲ့ ဖိအားတွေ ဆက်ပေးနေမယ်ဆိုရင် ကျွန်ုပ်တို့ အချုပ်အခြာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နည်းလမ်းအသစ်ကို စဉ်းစားဖို့ကလွဲပြီး အခြားရွေးစရာ မရှိပါဘူး”ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ 

အဆိုပါ မိန့်ခွန်းတွင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဇွန်လက စင်ကာပူတွင် တွေ့ဆုံခဲ့သော ဆွေးနွေးပွဲကို ရည်ညွှန်းကိုးကား ပြောကြားခဲ့သည်။ 

ယင်းဆွေးနွေးပွဲ ပြီးစဉ်အခါက အကျိုးရှိခဲ့သော ဆွေးနွေးပွဲဖြစ်ကာ အပြုသဘောဆောင်သောအမြင်များ ဖလှယ်ခဲ့ကြသည်ဟု ကင်ဂျုံအန်းက ပြောခဲ့ဖူးသည်။ 

ထိုစဉ်က ခေါင်းဆောင်နှစ်ဦးသည် ပြတ်သားသော အနက်အဓိပ္ပာယ်မပါသည့် ဝိုးတိုးဝါးတားစကားလုံးများဖြင့် ပြုထားသော ကတိကဝတ်များပါ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆန္ဒပြုလွှာကို လက်မှတ်ရေးထိုးခဲ့သည်။ 

စာချုပ်ပါ အချက်အလက်များ၏ အဓိပ္ပာယ်ကို ငြင်းခုံရင်းနှင့် ပြုံယမ်းနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေးတိုးတက်မှု ရပ်တန့်ခဲ့သည်။ 

ပိတ်ပင်ထားသော နျူကလီးယား လက်နက်နှင့် ဒုံးပျံလက်နက်များအစီအစဉ်ကြောင့် မြောက်ကိုရီးယားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့ခြင်းများကို ကြုံနေရသည်။ 

လက်နက်အစီအစဉ်များအတွင်း နျူကလီးယားလက်နက်စမ်းသပ်မှု ၆ ကြိမ်နှင့် အမေရိကန်ပြည်မကြီးအထိ ရောက်ရှိအောင်ပစ်ခတ်နိုင်သော ဒုံးကျည်များ ပစ်လွှတ်ပြမှုများ ပါဝင်ခဲ့သည်။ 

“အမေရိကန်သမ္မတနဲ့ ပြန်တွေ့ပြီး ဆွေးနွေးကာ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုမယ့် ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ အားထုတ်ကြိုးပမ်းမှု ပြုလုပ်ဖို့အတွက် အဆင်သင့်ပါပဲ”ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ 

စာအုပ်များ အပြည့်ဖြည့်ထားသော စာအုပ်စင်ကြီးနှင့် မြောက်ကိုရီးယားခေါင်းဆောင်ကြီးများပုံ ပန်းချီကားများ ချိတ်ဆွဲထားသော အခန်းကြီးအတွင်းမှ သားရေထိုင်ခုံကြီးပေါ်တွင် ကင်က နှစ်သစ်ကူးမိန့်ခွန်းကို ပြောကြားခဲ့သည်။ 

The Voice

0 comments:

Post a Comment