ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၏ နှစ်လတာ (အောက်တိုဘာလမှ နိုဝင်ဘာလ ကုန်အထိ) ကာလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း ၄၅၀ ကျော် အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုများထဲတွင် ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၁ သန်းကျော်ရှိကြောင်း၊ ဒုတိယအများဆုံးကဏ္ဍမှာ စက်မှုကုန်ထုတ်ကဏ္ဍဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော်ရှိကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၄၆၅ ဒသမ ၉ သန်းရှိကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။
ယင်းနှစ်လတာကာလအတွင်း၌ စက်မှုကုန်ထုတ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ၂၀ ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခု၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ခုစီနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ၆ ခုအထိရှိပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၄ ခု ရှိကြောင်း ယင်းဌာနထံမှ သိရသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား စီးပွားရေးစင်္ကြံတည်ဆောက်ရေး စီမံကိန်းများအတွက် သဘောတူလက်မှတ်ရေးထိုးထားပြီဖြစ်ခြင်းကြောင့် ယင်းစီမံကိန်းမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်လာနိုင်မှုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက မျှော်မှန်းထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ (ဘဏ္ဍာနှစ်သစ်မစမီ ကြားကာလခြောက်လ) တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေနှင့် အမေရိကန်ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်းဝင်ရောက်ခဲ့ပြီး စက်မှုကုန်ထုတ်ကဏ္ဍတွင် အမေရိကန် ဒေါ်လာသန်း ၇၀၀ ကျော်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားသည်။
The Voice
0 comments:
Post a Comment