အစိုးရနဲ့နိုင်ငံကိုဆန့်ကျင်တယ်လို့ ကွန်မြူနစ်အာဏာပိုင်တွေ သတ်မှတ်လိုက်တဲ့ အရာမှန်သမျှကို အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေဖက်က အရေးယူဖယ်ရှားပေးရမယ့် ဆိုင်ဘာလုံခြုံရေးဥပဒေဟာ ဗီယက်နမ်မှာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အသက်ဝင်ပြီလို့ သတင်းရရှိပါတယ်။
ထိုဥပဒေသစ်ဟာ အမေရိကန်၊ အီးယူစတဲ့ လူ့အခွင့်အရေးဘက်တော်သားနိုင်ငံတွေနဲ့ အင်တာနက်လွတ်လပ်ခွင့်အရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေပြီး တရုတ်အစိုးရရဲ့ အင်တာနက်မူဝါဒတွေကို အတုခိုးထားတယ်လို့ ဆိုနေကြပါတယ်။
၎င်းအရ “အဆိပ်အတောက်”လို့ အစိုးရက သတ်မှတ်ပေးလိုက်တဲ့ အရာမှန်သမျှကို ဝန်ဆောင်မှုကုမ္ပဏီတွေက ဖယ်ရှားဖျက်ချပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်၊ ဂူးဂဲလ် အစရှိတဲ့ နည်းပညာလုပ်ငန်းကြီးတွေအနေနဲ့ ဗီယက်နမ်မှာ ကိုယ်စားလှယ်ရုံးခွဲလာဖွင့်ရမှာဖြစ်ပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အစိုးရကတောင်းဆိုတဲ့အခါ ပေးရမယ်လို့ ဆိုပါတယ်။
ထိုဥပဒေဟာ ဆိုင်ဘာတိုက်ခိုက်မှုတွေကို တားဆီးဖို့၊ အစိုးရကို ဆူပူဝေဖန်လာအောင် မီးမွှေးပေးတဲ့နည်းဖြင့် တိုင်းပြည်တိုးတက်ရေးအား နှောင့်ယှက်နေသူတွေကို ရှင်းလင်းပစ်ဖို့ ရည်ရွယ်တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၎င်းဥပဒေအသက်ဝင်သည့်တိုင် အသုံးပြုသူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ် ပေးသွားမှာဖြစ်ပြီး ၄င်းတို့ကုမ္ပဏီရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အရာတွေကိုသာ ဖယ်ရှားသွားမယ်လို့ ဖေ့စ်ဘွတ်က ဆိုပါတယ်။ ဂူးဂဲလ်ကတော့ ရုံးခွဲဖွင့်မယ်လို့သာ ကြေညာခဲ့ပြီး ဥပဒေအသစ်အပေါ် မှတ်ချက်မပေးသေးပါဘူး။
ဒါ့အပြင် အစိုးရနဲ့နိုင်ငံကို ဆန့်ကျင်တဲ့အချက်အလက်တွေ ဝေမျှခြင်း၊ သမိုင်းပုံရိပ်ဖျက်ခြင်း၊ လူထု ယုံမှားသံသယဖြစ်ကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် သတင်းအမှားလွှင့်ခြင်းတွေကို ဥပဒေအသစ်မှာ ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။
ဗီယက်နမ်မှာ အင်တာနက်လွတ်လပ်ခွင့်ဟာ ၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာကတည်းက တဖြည်းဖြည်းလျော့ကျနေတယ်လို့ ဝေဖန်သူတွေကတော့ ဆိုနေကြပါတယ်။ ၄င်းအစိုးရလက်ထက်မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ဝေဖန်သူတွေ ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။
ZHO (အကုန်သိ သတင်းဌာန)
0 comments:
Post a Comment