Tuesday, January 1, 2019

ထိုင်း - မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) ဧရိယာအတွင်းမှ နေအိမ်အချို့ဖယ်ရှားရှင်းလင်းခံရမှု လူ့အခွင့်အရေးကော်မရှင် စဉ်းစားရ ကြပ်နေဟုဆို


ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) ဧရိယာနှင့် မလွတ်သည့် လူနေအိမ်(၆)လုံးကို ပြည်နယ်အစိုးရမှ ဖယ်ရှားရှင်းလင်းခဲ့သည့် ကိစ္စမှာ လူ့အခွင့်အရေးအရ ထိခိုက်နစ်နာမှုများရှိနေသော်လည်း နိုင်ငံတော် စီမံကိန်းဖြစ်နေသည့်အတွက် စဉ်း စားရကြပ်နေကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောသည်။ 
ထိုင်း - မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂) ဧရိယာနှင့် မလွတ်သည့် လူနေအိမ်(၆)လုံးကို ပြီးခဲ့သည့် ဒီဇင်ဘာလ အစော ပိုင်းက ပြည်နယ်အစိုးရမှ ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့က စဉ်းစားရ နည်းနည်းတော့ ခေါင်းကြပ်တာပေါ့ဗျာ။ နိုင်ငံတော် စီမံကိန်းကလည်းဖြစ်၊ နိုင်ငံတော်ပိုင်မြေမှာ နေတဲ့ သူတွေကလည်းဖြစ်။ တစ်ဖက်ကလည်း လူ့အခွင့်ရေးအရ ကြည့်တော့လည်း ထိခိုက်နစ်နာမှုတွေရှိတယ်။ ကိုယ့်အိမ်ကို အဖြိုခံရတယ်ဆိုတော့လည်း ကိုယ်ချင်းစာပြီးသာကြည့်ပေါ့။ သူတို့က တရားကမဝင်။ ကျွန်တော်လည်း ရုံးကိုသွားပြီး ဒါတွေကို စဉ်းစားဆွေးနွေးပြီး အစီရင်ခံစာတွေ ထိုင်ရေးနေတာပါ” ဟု ဦးယုလွင်အောင် က ပြောသည်။ 

အဆိုပါ မြေနေရာမှာ အစိုးရမှ တံတားစီမံကိန်းအတွက် သိမ်းယူထားသည့် မြေများကို ဒေသခံအချို့မှ မသိဘဲ ၀ယ်ယူကာ တော များကို ခုတ်ထွင်ရှင်းလင်းပြီး အဆောက်အဦများ ဆောက်လုပ်နေထိုင်နေကြသည့်အပြင် ပုံစံ(၇)လျှောက်ထားရန် ကြိုးစားသော်လည်း မရခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ၎င်းကပြောသည်။ 

“ သူတို့လည်း မနစ်နာအောင်၊ အစိုးရ စီမံကိန်းလည်း မပျက်အောင် ဒီကာလမှာ သင့်တော်တဲ့ အကြံဥာဏ်တွေ ကျွန်တော်တို့ တိုင်ပင်ပြီးမှ သမ္မတကြီး ဆီတင်ပြမှာပါ” ဟု ဦးယုလွင်အောင် က ပြောသည်။ 

ထိုင်း - မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) ဧရိယာအတွင်း အိမ်ခြေ ၉၈ လုံးကို လျော်ကြေးပေးပြောင်းရွေ့စေခဲ့ပြီး နေအိမ် (၆) လုံး၏ ပိုင်ရှင်များက လျော်ကြေးမယူဘဲ ဖယ်မပေးသည့်အတွက် ပြည်နယ်အစိုးရက ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

နေအိမ်များ ဖြိုဖျက်ခံရခြင်းနှင့် ပတ်သက်ပြီး နေအိမ်အဖျက်ခံရသည့် ပြည်သူများကလည်း မြဝတီမြို့နယ်အထွေ ထွေအုပ်ချုပ် ရေးဦးစီးမှူးကို တရားစွဲဆိုထားကြောင်း သိရသည်။ 

ချမ်းငြိမ်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment