၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်၌ မြန်မာတပ်မတော်က စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ရာ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး သွားခဲ့ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား နိုင်ငံတကာက အပ်နှင်းခဲ့သည့် ဂုဏ်ပြုမှုနှင့် ဆုတံဆိပ်များစွာ ရုပ်သိမ်းခြင်းခံခဲ့ရသည်။ သူသည် ဖိနှိပ်ခံရသူများဘက်မှ ရပ်တည်ရန် ပျက်ကွက်ခဲ့မှုကြောင့်ဟု ဆိုကြသည်။ ယင်းကဲ့သို့ ရုပ်သိမ်းခံရမှုများအနက် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့မှုများကို ဖော်ပြအပ်ပါသည်။
■ အယ်လီဝီဆဲလ် (Elie Wiesel) လူ့အခွင့်အရေးဆု
ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာကျော်ဟိုလိုကော့စ် (Holocaust) အမှတ်တရပြတိုက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်က သူတို့ချီးမြှင့် ပေးအပ်ထားသည့် အယ်လီဝီဆဲလ် (Elie Wiesel) လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မတ် ၇ ရက်က ကြေညာခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မတ် ၆ ရက် နေ့စွဲဖြင့် ဟိုလိုကော့စ်ပြတိုက်က ပေးပို့လိုက်သည့်စာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေသောကိစ္စများအား ရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဝေဖန်အရေးယူခဲ့ခြင်းမရှိသည့်အပြင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကိုလည်း လက်ခံရန်ငြင်းဆန်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို မိမိတို့အနေဖြင့် အလွယ်တကူချမှတ်ခဲ့ခြင်းမဟုတ်ကြောင်း၊ စစ်တပ်က ဆယ်စုနှစ်များစွာ အဓမ္မစိုးမိုးအုပ်ချုပ်နေသည်ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်ကဲ့သို့ ခက်ခက်ခဲခဲရင်ဆိုင်နေရသည်ဆိုခြင်းကိုလည်း မိမိတို့ စာနာ နားလည်နိုင်ပါကြောင်း၊ သို့သော် ဘင်္ဂါလီမွတ်စလင်များ ကြုံတွေ့ရသည့် ဒုက္ခဆင်းရဲပမာဏက ကြီးမားလွန်းသည့်အတွက် အရေးယူရန် လိုအပ်ကြောင်း၊ ဤကဲ့သို့ကိစ္စမျိုး၌ ကြားနေခြင်းသည် ဖိနှိပ်သူများကိုသာ အသာစီးရစေပြီး ဖိနှိပ်ခံသားကောင်ဖြစ်ရသူများကို ဘယ်တော့မှ အကျိုးမပြုပါကြောင်းစသဖြင့် ဖော်ပြထားသည်။
ယင်းအကြောင်းကြားစာကို ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။
■ အီဒင်ဘတ်လွတ်လပ်ခွင့်ဆု(Freedom of Edinburgh)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ထားသည့် အီဒင်ဘတ်လွတ်လပ်ခွင့်ဆု (Freedom of Edinburgh) ကို အီဒင်ဘတ်မြို့တော်က ပြန်လည်ရုပ်သိမ်းကြောင်း သြဂုတ် ၂၁ ရက် တွင် ကြေညာခဲ့သည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စကော့တလန်ရှိ အီဒင်ဘတ်မြို့တော်က မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခေါင်းဆောင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၀၅ ခုနှစ်တွင် အဆိုပါဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ၌မူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) များအပေါ် အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချရန် ပျက်ကွက်မှုကြောင့် ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။
လော့ဒ်ပရိုဗော့စ်ဖရန့်ရော့စ်က ကြီးကြပ်လျက် မြို့တော်ကောင်စီဝင်များက မဲပေးကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ် ၂၀၀ အတွင်း အီဒင်ဘတ် လွတ်လပ်ခွင့်ဆုကို ဒုတိယအကြိမ် ပြန်လည် ရုပ်သိမ်းခဲ့မှုဖြစ်ကြောင်းလည်း သိရသည်။
ပထမအကြိမ်ရုပ်သိမ်းခဲ့မှုမှာ ၁၈၉၀ ပြည့်နှစ်ကဖြစ်ပြီး အိုင်ယာလန်နိုင်ငံရေးသမား ချားပါနဲလ်ကို ချစ်မှုရေးရာ အရှုပ်တော်ပုံတစ်ရပ်ကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
■ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား
စက်တင်ဘာ ၂၇ ရက်တွင် ကနေဒါ အောက်လွှတ်တော်သည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်ကိစ္စနှင့် ပတ်သက်၍ မြန်မာ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ်မှ ပြန်ရုပ်သိမ်းရန် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့သည်။
ဒီမိုကရေစီ အရေးလှုပ်ရှားမှုကြောင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ၂၀၀၇ ခုနှစ်၌ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ရှားရှားပါးပါး ဂုဏ်ပြုမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလအတွင်း ကနေဒါနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဟု ကြေညာခဲ့သည့် မြန်မာတပ်မတော်၏ စစ်ဆင်ရေးကို ဟန့်တားရန် ဒေါ်အောင်ဆန်းစုကြည်၏ ငြင်းပယ်ခဲ့မှုက သူ၏ နိုင်ငံတကာ၌ ဂုဏ်သတင်းကျော်စောမှုကို ထိခိုက်စေခဲ့သည်။
အော်စတန်က မည်သည့်အထူးအခွင့်အရေးမျှ မရှိသော်လည်း ထင်ရှားသည့်အမှတ်လက္ခဏာ တစ်ရပ်ဖြစ်သည့် ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ်အား ပြန်လည်ရုပ်သိမ်းရခြင်းနှင့် ပတ်သက်၍ ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား ဒေါ်အောင်ဆန်းစုကြည်၏ အဆက်မပြတ်ငြင်းဆိုမှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂ ရက်တွင် ကနေဒါ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ကနေဒါ အထက်လွှတ်တော်အမတ်များက အထက်လွှတ်တော်အမတ် ရက်နာအိုမစ်ဗာ၏ ကြီးကြပ်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ်မှ ပြန်ရုပ်သိမ်းရန် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြသောကြောင့်ဖြစ်သည်။
အထက်လွှတ်တော်အမတ် ရက်နာအိုမစ်ဗာက ယင်းကို ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးထံသို့ ပေးပို့ရန်သင့်လျော်သော မက်ဆေ့ခ်ျဟု ခေါ်ဆိုခဲ့သည်။
စက်တင်ဘာ၂၇ ရက်တွင် ကနေဒါ အောက်လွှတ်တော်သည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ကနေဒါနိုင်ငံသား အဖြစ်မှ ပြန်ရုပ်သိမ်းရန် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ပြီးဖြစ်သော်လည်း ယင်းကို တရားဝင်ဖြစ်စေရန် အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။
ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ခံရဖူးသူမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် ဒလိုင်းလားမား၊ မာလာလာယူဆွတ်ဇိုင်နှင့် နယ်ဆင်မင်ဒဲလားတို့ အပါအဝင် အခြား ငါးဦးသာရှိကြောင်း သိရသည်။
■ AI ၏ အမြင့်ဆုံး လူ့အခွင့်အရေးဆု
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူနည်းစုများအပေါ် ပြင်းထန်သည့် ရက်စက်စွာဖိနှိပ်မှုများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကန့်ကွက် ပြောဆို၊ ဟန့်တားရန် ပျက်ကွက်ခဲ့သည့်အတွက် သူ့အား ချီးမြှင့်ထားသည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ အမြင့်ဆုံး လူ့အခွင့်အရေးဆုကို နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည်ရုပ်သိမ်းကြောင်း AI က ကြေညာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆုကို လက်ခံရရှိစဉ်ကပြောကြားခဲ့သည့် ယုံကြည်မှုနှင့် ခံယူချက်ကတိများအတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်းကို သူကိုယ်တိုင် အသိတရား ရစေရန်ရည်ရွယ်သည်ဟု AI ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ယခင်စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ နီးပါး နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်မှုအား အရှုံးမပေး ဒူးမထောက်ခဲ့သည့်အတွက် နိုင်ငံတကာက စံပြုထိုက်သော ဒီမို ကရေစီရေး လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးအဖြစ် ၂၀၀၉ ခုနှစ်က AI ၏ အမြင့်ဆုံးလူ့ အခွင့်အရေးဆုဖြစ်သော International Ambassador of Conscience Award (နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆု) ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဆုကို ပြန်လည်ရုပ်သိမ်းတော့မည့်အကြောင်း AI အဖွဲ့၏ အတွင်းရေးမှူးချုပ် ဆာလယ်ရှက်တီကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က AI အဖွဲ့ ကို အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်းမရှိဟု ဘင်ကော့စ်မီက ဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့ပေးအပ် ချီးမြှင့်ထားသည့် အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုများကို ပြန်လည်ရုပ်သိမ်းနေခြင်း နှင့် ပတ်သက်၍ အောက်တိုဘာလက ဂျပန်ခရီးစဉ်အတွင်း NHK သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် ဆုများနှင့် ဂုဏ်ပြုမှုများကို အလေးမထားကြောင်းနှင့် “ဒီလိုပဲ ဆုတွေကို ပေးလိုက်၊ ပြန်ယူလိုက်ရှိနေမှာပဲ” ဟု တုံ့ပြန် ပြောဆိုခဲ့သည်။
ပါရီဂုဏ်ထူးဆောင် လွတ်လပ်ရေးဆု
မြန်မာနိုင်ငံ၏လူနည်းစုဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များကို ဖြိုခွင်းမှုနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ပျက်ကွက်ခဲ့သောကြောင့် ပါရီမြို့ တော်က ဒေါ်အောင်ဆန်းစုကြည်၏ ပါရီဂုဏ် ထူးဆောင် လွတ်လပ်ရေးဆုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့တော်ဝန်ရုံး၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လူနည်းစု ဘင်္ဂါလီတို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်နှိပ်ကွပ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ခဲ့သည့် အကြိမ်ကြိမ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်လည်းကောင်း ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန် မြို့တော်ဝန် အန်းဟီဒယ်လ်ဂိုက ဆုံးဖြတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားခဲ့သည်။
ဂလပ်စဂို၊ အီဒင်ဘတ်နှင့် အောက်စ်ဖို့ဒ်တို့၏ အလားတူဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ခဲ့သော ယခုလုပ်ရပ်ကြောင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သန့်ရှင်းသောဆုဖြစ်သည့် ပြင်သစ်မြို့တော်၏ လွတ်လပ်ရေးဆုကို ဆုံးရှုံးသည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
■ တောင်ကိုရီးယားဖောင်ဒေးရှင်း၏ ဂွမ်ဂျူး လူ့အခွင့်အရေးဆုတံဆိပ်
တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ကြီးတစ်ဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား ၂၀၀၄ ခုနှစ်က အပ်နှင်းခဲ့သည့် ဂုဏ်ပြုဆုတံဆိပ်တစ်ခုကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်လူ နည်းစုအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား ဥပေက္ခာပြုခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်းကို ကြီးမှူးသူများက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂွမ်ဂျူးလူ့အခွင့်အရေးဆုတံဆိပ် ချီးမြှင့်ခဲ့စဉ်က သူသည် စစ်အုပ်ချုပ်ရေးအောက်၌ နေအိမ်အကျယ်ချုပ်ကျခံနေရခြင်းကြောင့် ဆုကို လက်ခံ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ပါတီသည် မြန်မာနိုင်ငံ၌ အာဏာရယူခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် နိုင်ငံတော်၏အတိုင်ပင်ခံရာထူးကို ရယူခဲ့သော်လည်း တစ်ချိန်က ဒီမိုကရေစီချန်ပီယံသည် ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခနှင့် ပတ်သက်၍ ဂရုမစိုက်ခြင်း သို့မဟုတ် ကြံရာပါဖြစ်ခြင်းတို့ ရှိခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုများ ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဆုတံဆိပ်ကို ပြန်လည်ရုပ်သိမ်းရန် ဒီဇင်ဘာ ၁၇ ရက် တွင် ဆုံးဖြတ်လိုက်ကြောင်း ချိုဂျင်တေးက ပြောကြားခဲ့သည်။
အဆိုပါဖောင်ဒေးရှင်းကို ၁၉၈၀ ဂွမ်ဂျူး ဒီမိုကရေစီရေးလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ၁၉၉၄ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဂွမ်ဂျူးလှုပ်ရှားမှုသည် စစ်တပ်က မာရှယ်လော ထုတ်ပြန်ခဲ့မှုကြောင့် သွေးမြေကျ ခြင်းဖြင့် အဆုံးသတ်ခဲ့ရပြီး လူပေါင်း၂၀၀ ကျော် သေကြေ ဒဏ်ရာ ရရှိခဲ့ကြသည်။
စစ်အာဏာရှင် ချန်ဒူးဝှမ်ကို ဆန့်ကျင်သည့် ပုန်ကန်မှုများက တောင်ကိုရီးယား နိုင်ငံ၏ ဒီမိုကရေစီရေး ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ခုနစ်နှစ်အကြာတွင် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
Eleven Media Group
0 comments:
Post a Comment