ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းလာပြီး ဒေါ်လာဈေးလည်းအနည်းငယ်လိုက်ပါကျဆင်းလာသောကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ 92 Ron ၆၈၅ ကျပ်၊ 95 Ron ကျပ် ၇၆၀၊ ဒီဇယ် ကျပ် ၈၇၀၊ ပရီမီယံဒီဇယ် ၈၇၅ ကျပ်အထိ ပြန်ကျလာပြီး အောက်တိုဘာ ၁၀ ရက်နောက်ပိုင်း စက်သုံးဆီအမျိုး အစားအလိုက် ရာခိုင်နှုန်း ၂ဝမှ ၃၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ကမ္ဘာ့ရေနံဈေးနှုန်း အမြင့်ပိုင်းတွင် ဖြစ်ပေါ်နေချိန် ဒေါ်လာဈေးလည်းမြင့် တက်ခြင်းကြောင့် စက်သုံးဆီဈေး ဆက်တိုက်မြင့်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန် တင်ဈေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီ ဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်း တွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက် တွင် ၇၄ ဒေါ်လာအထိ မြင့် တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ် လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက် တွင် ၆၇ ဒေါ်လာ၊ စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၇၀၊ အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီးနောက် ဆက်တိုက်ပြန်ဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ကာ ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်နေသည်။
ပြည်တွင်းဈေးကွက်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အနိမ့်ဆုံးနှုန်းအဖြစ်သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၇၀ (တစ်ဂါလန် ၃၉၄၉ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၈၇၅ (တစ်ဂါလန် ၃၉၇၂ ကျပ်)၊ အောက်တိန်း 92 Ron တစ် လီတာ ၆၈၅ ကျပ် (တစ်ဂါလန် ၃၁၀၉ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၆၀ ကျပ် (တစ်ဂါလန် ၃၄၅၀ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့်အောက်တိုဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးစံချိန်တင်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ဒီဇယ်ရာခိုင်နှုန်း ၂၀ ဝန်းကျင်၊ ပရီမီယံဒီဇယ် ၂၁ ရာခိုင်နှုန်းဝန်းကျင်၊ 92 Ron ၃၄ ရာခိုင်နှုန်း ဝန်းကျင်၊ 95 Ron ၃၁ ရာခိုင်နှုန်းဝန်းကျင် ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်ဈေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
စည်သူအောင်
Eleven Media Group
0 comments:
Post a Comment