ထောင်ဒဏ်ကျခံနေရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ဒီကနေ့ လွတ်မြောက်မယ်လို့ ပြောဆို ထားခဲ့ပေမယ့် ထောင်လွတ်ရက်တွက်ချက်မှုမှားခဲ့တာကြောင့် လွတ်မြောက်လာခဲ့ခြင်းမရှိဘူးလို့ သူ့ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်က ပြောပါတယ်။
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေရဲ့အမှုမှာ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ သက်သေထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ် ၁ နှစ်ကျခံနေရတာပါ။
ဇန်နဝါရီ ၂ ရက်မှာ သူပြန်လည်လွတ်မြောက်မယ်လို့ ဒီဇင်ဘာ ၂၆ ရက်က အင်းစိန် အကျဉ်းထောင်မှာ ပုံမှန်ထောင်ဝင်စာသွားတွေ့စဉ် ဦးမိုးရန်နိုင်က မိသားစုကို ပြောကြားခဲ့တာလို့ ဇနီးဖြစ်သူ မတူးတူးက ဒီဗွီဘီအပါအ၀င် မီဒီယာတွေကို ကြိုတင် ပြောကြားခဲ့တာပါ။
အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတဦးကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက် လွတ်နိုင်မှာဖြစ်တယ် လို့ပြောပါတယ်။
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ပဲန်မြန်မာအဖွဲ့ကနေ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်နိုင်သူအဖြစ် ပြီးခဲ့တဲ့လက ဂုဏ်ပြုဆုချီးမြှင့်ထားပါတယ်။
DVB
0 comments:
Post a Comment