တရုတ်နိုင်ငံသို့ အကြီးစား သစ်မှောင်ခို တင်ပို့ရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသတွင် လုပ်ငန်းများ ပြင်ဆင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောကြားသည်။
လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းရှိ ကြိုးဝိုင်းသစ်တောများတွင် ငါးလက်မ ပတ်လည် သုံးပေတိုနှင့် ငါးပေတို အတုံးများ ဝယ်ယူ စုဆောင်းမှုများ ရှိနေကြောင်း၊ တပ်မတော် စစ်ဆင်ရေးလုပ်ငန်းများ ရပ်နားနေသဖြင့် သစ်မှောင်ခို လုပ်ငန်းများ လွန်ခဲ့သည့် နှစ်များထက် ပိုဖြစ်မည်ဟု မျှော်လင့်နေကြောင်း မဘိမ်းဒေသခံများက ပြောကြားသည်။
ဒေသခံ တစ်ဦးက “တရုတ် ဝယ်လက်တွေတော့ မရောက်သေးဘူး။ ဒေသခံတွေက ဝယ်စုနေကြပြီ။ ဒီနှစ်က တပ်မတော်ဘက်က စစ်ဆင်ရေး လုပ်ငန်းတွေ ရပ်မယ်ဆိုတော့ ဒေသခံတွေက သစ်မှောင်ခို အကြီးကြီးဖြစ်မယ် ထင်ကြတာ။ ကျွန်တော်တို့ တင်မကဘူး။ မိုးမိတ်မြို့နယ်ကဆိုရင် မိုးရာသီကတည်းက ခုတ်နေတာ။ အခုတရုတ်ဘက်က လမ်းဖောက်နေပြီ။ ဇန်နဝါရီလကုန်ခါနီးမှ ထွက်ရမယ့် အခြေအနေ ရှိတယ်။ လမ်းတွေက မြေမခြောက်သေးဘူး”ဟု ပြောကြားသည်။
လက်ရှိတွင် မဘိမ်းဒေသရှိ ကွန်းချောင်း၊ မယ်ဇလီ၊ မအူကုန်း၊ ရမ်းဘို၊ ခေါတော၊ မိုးလုံး၊ ညောင်ပင်သာကျေးရွာများနှင့် မိုးမိတ်ဒေသအတွင်းရှိ မိုးလို၊ မိုးမိတ်၊ မန်တုံဒေသများတွင် ဝယ်ယူ စုဆောင်းနေကြောင်း သိရသည်။
ဗန်းမော်မြို့ အောင်းချောင်းဒေသမှ ဒေသခံ တစ်ဦးက “အခုတော့ ဈေးသည်တွေ ကားတွေ ရှမ်းမြောက်ဘက်ကို သွားနေကြပြီ။ ရွာတိုင်းက ကားသမားတွေလည်း သွားကြပြီ။ ဒီနှစ် အများကြီးဖြစ်မယ်လို့ ပြောကြတယ်။ တရုတ်က ငွေကြိုပေးတာ။ ကားပေးတာတွေလည်း ရှိနေတယ်။ သစ်မှော်က မုန့်ညှင်းခင်း ဖြစ်မလား။ မိုးလိုဘက်ခြမ်းများ ဖြစ်မလား မပြောတတ်သေးဘူး။ တရုတ်နိုင်ငံ နောင်တောင်းမြို့ကို ပို့ရမှာ လမ်းမကြီးက သုံးခုရှိတယ်။ လမ်းသွယ်တွေကတော့ များတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် မန်စီဘုရားကုန်းလမ်းမှ ကေအိုင်အေ ထိန်းချုပ်နယ်မြေ ဂျာမိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ လည်းကောင်း၊ မိုးမောက် - လွယ်ဂျယ် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းမှ လည်းကောင်း သယ်ယူပို့ဆောင်နေကြောင်း ဗန်းမော်ဒေသခံများက ဆိုသည်။
ကားဆရာတစ်ဦးက “မန်စီ ဘုရားကုန်းက ဂျာမိုင်ဘက်ကို သွားတာက ဆိုင်ကယ်နှင့် သယ်တဲ့သစ်တွေပေါ့။ ကေအိုင်အေ လမ်းကြောပေါ့။ မိုးမောက် လွယ်ဂျယ်ပိုင်းကိုလည်း ကားငယ်တွေနဲ့ ထွက်နေတာ။ မိုးမောက် ကျောက်စခန်းဂိတ်မှာတင် ရဲက ငါးဖွဲ့လောက် ရှိတယ်။ ကျန်ဌာနတွေလည်း ငွေရမှန်းသိတာ့ အားလုံးစုနေကြတာ။ အဲဒီဘက်လမ်းက သက်ဆိုင်ရာကို ပိုင်တဲ့သူတွေပဲ ထွက်ကြတယ်။ တချို့လည်း ဌာနအကြီးအကဲပိုင်းတွေ က သယ်နေကြတာ။ အားလုံး ဝစ်သောက်ကားတွေချည်းပဲ”ဟု ပြောကြားသည်။
တရုတ်နိုင်ငံသို့ သစ်မှောင်ခိုလုပ်ငန်းများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ကျော်ဖြတ်ကာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ NLD အစိုးရ နှစ်နှစ်တာကာလ ၂၀၁၈ ခုနှစ်အထိ ပွင့်လင်းရာသီ အစပိုင်းမှစတင်၍ မိုးကျသည်အထိ ကြီးမားသော မှောင်ခိုလုပ်ငန်းအဖြစ် ရှိနေဆဲ ဖြစ်သည်။
ဗန်းမော်ခရိုင်အတွင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် နှစ်စဉ် သစ်မှောင်ခိုလုပ်ငန်းများနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခိုဖြစ်ပွားမှုများပါ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း နှစ်ဖက် လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရဝန်ထမ်း အရာရှိများ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင် ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့် စစ်ဆေးမှုမျှ ပြုလုပ်ခဲ့သည်ကို မတွေ့ရပေ။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး အနေဖြင့် သစ်တန်ပေါင်း (ကျွန်း၊ သစ်မာ၊ အခြား) ငါးသောင်းကျော် ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းတို့အနက် ကချင်ပြည်နယ်အတွင်း (ကျွန်း၊ သစ်မာ၊ အခြား)ဖမ်းဆီးမှု ၁၀၀၉၂ ဒသမ ၇၀၁၉ တန်ရှိခဲ့သဖြင့် ပြည်နယ်နှင့်တိုင်းတို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ တရားမဝင်သစ် (ကျွန်း၊ သစ်မာ၊ အခြား) စုစုပေါင်း ၃၂၄၃ ဒသမ ၀၂၅၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ သစ် ၁၁၉၂၉၈ ဒသမ ၆၅၅ တန် (တန် တစ်သိန်း တစ်သောင်းကျော်) ဖမ်းဆီးရမိခဲ့ပြီး နယ်မြေ မအေးချမ်းစဉ် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခို အလွန်အကျွံ တင်သွင်းခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံ သစ်ခိုးထုတ် မှောင်ခိုဂိုဏ်းတစ်ခု ကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်တို့တွင် လူ ၁၅၅ ဦး၊ ကားအစီးရေ လေးရာကျော်နှင့် အခြားယာဉ်ကြီးများ ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်း သူဌေးများကိုမူ ဖမ်းမိခဲ့ခြင်း မရှိပေ။
ယင်းတရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက (၃) ဖြင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း မြစ်ကြီးနား အကျဉ်းထောင်အတွင်း ရှစ်ရက်အကြာ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။
Eleven Media Group
0 comments:
Post a Comment