Tuesday, January 1, 2019

ဒလတံတားစီမံကိန်းအနီးမှ မြေဈေးများကျပ်သိန်းပေါင်းသောင်းချီဈေးပေါက်နေသော်လည်း ၀ယ်သူမရှိ


မြန်မာ-ကိုရီးယားချစ်ကြည်ရေးဒလတံတားစီမံကိန်းအနီးမှ မြေဈေးများကျပ်သိန်းသောင်းနှင့်ချီသည်အထိ ဈေးနှုန်းမြင့်တက်နေသော်လည်းဝယ်သူမရှိကြောင်း imyanmarhouse.com မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောသည်။ 
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေးဒလတံတားစီမံကိန်းကို ဒီဇင်ဘာလ ၂၄ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကိုရီးယားနိုင်ငံစီးပွားရေးအကြံပေးတို့မှ ပန္နက်တင်အခမ်းအနားကိုကျင်းပခဲ့ပြီးဖြစ်သည်။ 
  
“ အခုကသိန်းလေးထောင်၊ သိန်းငါးထောင်၊ တချို့ဆိုသိန်းသောင်းဂဏန်းအထိ မဖြစ်နိုင်တဲ့ဈေးတွေ ခေါ်နေကြတယ်။ ဒါပေမဲ့အခုချိန်အထိတော့ ၀ယ်သူမရှိသေးပါဘူး။ တကယ်လို့ မြေဈေးကစားတဲ့သူ ၁ ဦး၊ ၂ ဦးက ၀ယ်လိုက်ရင်တောင် မြေဈေးက ကမောက်ကမဖြစ်သွားမယ့်အခြေအနေမရှိပါဘူး။ တံတားတည်ဆောက်လို့ပြီးသွားရင်တော့ ဈေးကတစ်မျိုးဖြစ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့ရဲ့  ဒုတိယမြို့တော်ဖြစ်သွားမယ့်အနေအထားတွေရှိနေပါတယ်။အခုကတော့ မြေပိုင်ရှင်တွေက ပါးစပ်ထဲရှိတဲ့ ဈေးတွေခေါ်နေတာပေါ့’’ ဟု imyanmarhouse.com မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောသည်။ 

မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable Stayed Bridge) ဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၁၆၀ ဖြစ်ကာယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ရှိသည့် လေးလမ်းသွားတံတားဖြစ်ကြောင်းသိရသည်။ 

အဆိုပါတံတားကို ကိုရီးယားသမ္မတနိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 
တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment