Monday, January 28, 2019

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး စာချုပ်ပါအချက်အလက်များကို ပြည်သူများအား ထုတ်ပြန်နိုင်ခြင်းမရှိဘဲ အကောင်အထည်ဖော်ရန် ဖိအားပေးနေမှုများ ဆက်လက်မလုပ်ဆောင်ရန် အစိုးရနှင့် CPI ကုမ္ပဏီမှ တာဝန်ရှိသူများကို တိုက်တွန်းကြောင်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် ထုတ်ပြန်

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး စာချုပ်ပါအချက်အလက်များကို ပြည်သူများအား ထုတ်ပြန်နိုင်ခြင်းမရှိဘဲ အကောင်အထည်ဖော်ရန် ဖိအားပေးနေမှုများ ဆက်လက်မလုပ်ဆောင်ရန် အစိုးရနှင့် CPI ကုမ္ပဏီမှတာ ဝန်ရှိသူများကို တိုက်တွန်းကြောင်း သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်မှ ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ 
ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူများရသင့်သည့် အခွင့်အရေးဖြစ်သော သတင်းအချက်အလက်များ၊ နှစ်နိုင်ငံနှစ်ဦးနှစ်ဖက် ရေးထိုးထားသည့် သဘောတူညီမှု နားလည်မှု စာချွန်လွှာများ၊ စာချုပ်စာတမ်းများကို NLD ပါတီမှ အစိုးရ ဖြစ်လာသည့်အခါတွင် ပြည်သူများအား ပွင့်လင်းမြင်သာစွာ အသိပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်များ ပြုထားခဲ့ကြောင်း၊ သို့သော်လည်း ယနေ့အချိန်အထိ တရုတ်အစိုးရနှင့် ယခင်မြန်မာအစိုးရတို့ကြား ချုပ်ဆိုထားသည့် စာချွန်များ၊ စာချုပ်စာတမ်းများနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိကြောင်း၊ ထိုသို့ စာချုပ်ပါအချက်အလက်များကို ပြည်သူများအား ထုတ်ပြန်နိုင်ခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းကြီးအား အကောင်အထည်ဖော်ရန် ဖိအားပေးနေမှုများကို လုံးဝဆက်လက်မလုပ်ဆောင်ရန် ပါဝင်ပတ်သက်နေသည့် မြန်မာအစိုးရနှင့် စီပီအိုင် (CPI) ကုမ္ပဏီမှ တာဝန်ရှိသူများကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။ 

ထို့အပြင် ကချင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ဂုဏ်သိက္ခာအမွေအနှစ်ဖြစ်ပြီး၊ မြန်မာပြည်သူများ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်နှင့် ၎င်းအားပျက်စီးစေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီးအား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေးရှုပြီး မြန်မာအစိုးရအနေဖြင့် လုံးဝအကောင်အထည်မဖော်ရန် တိုက်တွန်းကြောင်း၊ မြစ်ဆုံစီမံကိန်းစတင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်ကစပြီး ကချင်ဒေသခံ တိုင်းရင်းသားသွေးချင်းကျေးရွာ နှစ်ရွာမှ မိသားစုဝင် ၂၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ရွှေ့ပြောင်းနေထိုင်ရသော ဒေသသည်လည်း ရိုးရာဓလေ့နှင့် လူမှုဘဝပြန်လည်အခြေကျ ရှင်သန်နေထိုင်ရန် ယနေ့ထိတိုင်ခက်ခဲစွာရုန်း ကန်နေရကြရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းအပြင် တန်ဖိုးပေးဆပ်မှုကြီးမားပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝလုံခြုံရေးကို ထိခိုက်နိုင်မှု မလွဲမသွေဖြစ်စေနိုင်သော၊ ပြည်တွင်းပဋိပက္ခအား ပိုမိုအရှိန်မြှင့်တင်မှုကိုဖြစ်စေသော၊ ဇီဝမျိုးကွဲများပျက်စီးမှုကို ဦးတည်နေသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား တိုက်တွန်းလုပ်ဆောင်ခြင်းများအပေါ် ကချင်တိုင်းရင်းသား ညီအစ်ကိုများနှင့်တကွ တစ်နိုင်ငံလုံးက ပြည် သူများ၏ သဘောထားနှင့်ထပ်တူ အလေးအနက်ထားကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်သည် သံလွင်ကို ချစ်မြတ်နိုးပြီး ကာကွယ်ထိန်းသိမ်းရန်အတွက် သံလွင်မြစ်ဝှမ်း တစ်လျှောက်ရှိ ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေထိုင်သောဌာနေ တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းများ ဆောက်လုပ်ခြင်းမပြုရန် ပြည်သူများအား ပညာပေးခြင်း၊ သုတေသနများပြုလုပ်ခြင်း နှင့် သံလွင်ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးရှိ မြစ်ချောင်းများအား တန်ဖိုးထား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ထားသည့် ကွန်ရက်တစ်ခုအဖြစ် ရပ်တည်ကြောင်း၊ လက်ရှိကာလတွင် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံရေကာတာစီမံကိန်းကြီး ပြန်လည်အကောင်အထည်ဖော်ရန် အသက်ဝင်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ကို သတင်းမီဒီယာများ၊ နိုင်ငံရေးခေါင်းဆောင်များ၏ ခရီးစဉ်များ၊ နှစ်ဖက်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးချက်များမှတစ်ဆင့် သိရှိရသဖြင့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ချင်းဖြစ်ကြောင်း သိရသည်။ 

ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်သူများက တခဲနက်ကန့်ကွက်ခဲ့ခြင်းကြောင်း မြစ်ဆုံစီမံကိန်းအား ခေတ္တရပ်ဆိုင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ 

ယင်းသို့ အမိန့်ထုတ်ပြန်ထားသည့် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်ပြီး လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်လာခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံဘက်မှ ဒေသခံများ၊ ကချင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီး မြစ်ဆုံဆည် စီမံကိန်းအတွက် ထောက်ခံခြင်းများပြုလုပ်ရန် စည်းရုံးမှုများရှိသော်လည်း ဒေသခံများသာမက တနိုင်ငံလုံးကပါ ယင်းစီမံကိန်းအား ဖျက်သိမ်းရန် လိုလားလျက်ရှိသည်။ 

ယင်းစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရန် တောင်းဆိုမှုများလည်းရှိလာခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။ 

Eleven Media Group 

0 comments:

Post a Comment