Tuesday, January 1, 2019

၂၀၁၈ ခုနှစ်အတွင်း YBS ယာဉ်လိုင်းများ အပါအဝင် ယာဉ်စည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍ တိုင်ကြားသည့် အမှုပေါင်း၂၀၀၀ ကျော်ရှိ


၂၀၁၈ ခုနှစ်အတွင်း YBS ယာဉ်လိုင်းများ အပါအဝင် ယာဉ်စည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု အမှုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဇန်နဝါရီ ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ 
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများ အပါအဝင် အခြားယာဉ်စည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍တိုင်ကြားမှု ၂၀၀၀ ကျော်က YRTA သို့ Hotline မှတစ်ဆင့် ပြည်သူများက တိုင်ကြားခြင်း ဖြစ်သည်။ 

“၂၀၁၈ ခုနှစ်အတွင်းမှာ Hotline ကို တိုင်တာက ၂၀၀၀ ကျော်လောက် ရှိတယ်။ စည်းကမ်းနဲ့ ပတ်သက်တာတွေပါပဲ။ ကျွန်တော်တို့လည်း မကြာခင် ထုတ်ပြန်ပေးမှာပါ။ ဘယ်လိုင်းတွေက အများဆုံး၊ ဘယ်ကုမ္ပဏီတွေဆိုတာကို နောက်ကျတော့ ထုတ်ပြန်ပေးမှာပါ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားသည်။ 

ထို့ပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူမှု ၂၀၀၀၀ ကျော်ရှိခဲ့ပြီး ယာဉ်စည်းကမ်းပိုင်းနှင့် ပတ်သက်၍ စိစစ်နိုင်ရန် YRTA မှ အဖွဲ့ ၁၆ ဖွဲ့ဖြင့် ယာဉ်စည်းကမ်း စိစစ်ကြီးကြပ်လျက် ရှိကြောင်း သိရသည်။ 

အလားတူ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့်ပုဂ္ဂလိက YBS ယာဉ်လိုင်းအများစု အဲကွန်းမဖွင့်ဘဲ မောင်းနှင်ခြင်းနှင့် စပယ်ယာ ခိုးတင် မောင်းနှင်ခြင်း အပါအဝင် စည်းကမ်းချိုးဖောက်မှု များပြားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) က အရေးယူရန် စိစစ်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

အများပိုင်အဖြစ် ပြောင်းလဲခြင်း မရှိသေးဘဲ ပုဂ္ဂလိကယာဉ်ဖြင့် ပြေးဆွဲနေသည့် YBS ခရီးသည်အများစု အနေဖြင့် YRTA က ချမှတ်ထားသည့် ခရီးသည် ပြည်သူများအတွက် အဲကွန်းဖွင့် မောင်းနှင်ရမည့် ဝန်ဆောင်မှုများကို မပြုလုပ်ကြောင်း၊ ယာဉ်တွင် စပယ်ယာ ခိုးတင်ခြင်း၊ သတ်မှတ် ယာဉ်ထွက်ချိန်များကို မလိုက်နာခြင်း၊ ယာဉ်၏ ဥပဓိရုပ်များကို ဆန်းစစ်လျက်ရှိကာ သတိပေး အရေးယူလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ပုဂ္ဂလိကယာဉ်လိုင်း အများစုတွင် ဝန်ဆောင်မှုအနေဖြင့် ကားအဲကွန်းဖွင့်၍ မောင်းနှင်မှု မရှိခြင်း၊ ခရီးသည်ယာဉ် ပြေးဆွဲရန် သတ်မှတ်ထားသည့် ည ၈နာရီအထိ ပြေးဆွဲခြင်း မရှိဘဲ အများစုမှာ ညနေ ၆ နာရီအထိသာ ပြေးဆွဲနေမှုများ တွေ့ရှိကြောင်း သိရသည်။ 

မထသ စနစ်မှ YBS စနစ် ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

Eleven Media Group


0 comments:

Post a Comment