Thursday, April 25, 2019

မက္ကဆီကိုနယ်စပ်သို့ လက်နက်ကိုင်စစ်သားများ စေလွှတ်လိုက်ပြီဟု ထရမ့်ပြောကြား


အမေရိကန်တပ်ဖွဲ့များနှင့် တွေ့ဆုံရာတွင် မက္ကဆီကိုစစ်သားများက သေနတ်ဆွဲထုတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မက္ကဆီကိုနယ်စပ်သို့ လက်နက်ကိုင် အမေရိကန်စစ်သားများ စေလွှတ်လိုက်ပြီဟု သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ 
“မက္ကဆီကို စစ်သားတွေဟာ အမေရိကန်နယ်ခြားစောင့် တပ်ဖွဲ့ဝင် နှစ်ဦးနဲ့တွေ့တဲ့အချိန်မှာ သေနတ်နဲ့ချိန်ခဲ့တဲ့ ဖြစ်ရပ်ဟာ မူးယစ်ဆေးမှောင်ခိုသမားတွေအတွက် အတုယူမှားစေမယ့် အပြုအမူဖြစ်တယ်။ နောက်ကို ဒါမျိုးမဖြစ်ရင် ကောင်းလိမ့်မယ်”ဟု ထရမ့်က twitter တွင် ပြောဆိုခဲ့သည်။ 

“မက္ကဆီကိုက ဒီကိစ္စကို ကိုင်တွယ်ရာမှာ လုံလောက်မှုမရှိဘူး။ ဒါကြောင့် နယ်စပ်ကို လက်နက်ကိုင်စစ်သားတွေ စေလွှတ်ထားတယ်”ဟု ထရမ့်က ပြောကြားသည်။ 

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒါက ၎င်း၏အစိုးရသည် ဖြစ်ရပ်ကို စစ်ဆေးသုံးသပ်နေကြောင်း၊ မက္ကဆီကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မည်သည့် ရန်စမှုညွတ်ကွင်းကိုမှ သက်ဆင်းမည်မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။ 

“ထရမ့်ကို ပြောချင်တာက ကျွန်တော်တို့ဟာ အမေရိကန်အစိုးရနဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။ အရေးကြီးဆုံးကတော့ အပြန်အလှန် လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေးကို လိုချင်တယ်ဆိုတဲ့ အချက်ပါပဲ”ဟု အိုဘရာဒါက ပြောကြားသည်။ 

ပင်တဂွန် တာဝန်ရှိသူတစ်ဦးက နယ်စပ်တွင် တာဝန်ပေးထားသော တပ်ဖွဲ့ဝင်များအား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ လက်နက်တပ်ဆင်ပေးလေ့ ရှိသည်ဟု ရှင်းလင်းပြောကြားသည်။ 

ဧပြီလ ၁၃ ရက်က နယ်စပ်တွင် တာဝန်ကျသော အမေရိကန်စစ်သားနှစ်ဦးက အမေရိကန်ဘက်ခြမ်းတွင် အမှတ်အသားမပါသောကားဖြင့် ကင်းလှည့်နေစဉ် မက္ကဆီကို စစ်သားခြောက်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်သည်ဟု မြောက်ပိုင်းစစ်ဌာနချုပ်က ပြောကြားသည်။ 

အခင်းဖြစ်နေရာသည် တက်ဆပ် ရီယိုဂရန်ဒီ မြောက်ပိုင်းဒေသဖြစ်ပြီး နယ်စပ်စည်းရိုး၏ တောင်ဘက် အမှတ်အသားမရှိသော နယ်မြေတွင် ဖြစ်သည်ဟု သိရှိရသည်။ 

အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးက အမေရိကန်ပိုင်နက်ထဲတွင် ရှိနေခြင်းဖြစ်သော်လည်း နယ်စပ်စည်း၏ တောင်ဘက်သို့ ကျွံလာသည်ဟု မက္ကဆီကိုစစ်သားများက ယူဆခဲ့ကြသည်ဟု သိရှိရသည်။ 

မက္ကဆီကိုစစ်သားများက အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးကို သေနတ်ဖြင့်ချိန်ပြီးနောက် ဘေးအိတ်ထဲမှ ပစ္စတိုသေနတ်ကို ဆွဲထုတ်ယူကာ အမှတ်အသား မပါသော ကင်းလှည့်ကားထဲသို့ ထည့်လိုက်ကြသည်ဟု ဆိုသည်။ 

နှစ်ဖွဲ့အကြား အသေးစိတ် ရှင်းလင်းပြောဆိုခဲ့ကြပြီးနောက် မက္ကဆီကိုစစ်သားများက ထိုနေရာမှ ပြန်လည်ထွက်ခွာသွားကြကြောင်းနှင့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးက လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို လိုက်နာခဲ့ကြကြောင်း အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။ 

The Voice

0 comments:

Post a Comment