Monday, April 29, 2019

ပင်လည်ဘူးမြို့နယ်၌ မီးလောင်မှုဖြစ်ပွားပြီး သားအမိ ၂ ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ကွန်းတောင်းကျေးရွာမှာ ဧပြီ ၂၉ ရက် မနက်က မီးဖို မီးကြွင်းမီးကျန်ကတဆင့် နေအိမ်တလုံး မီးလောင်ကျွမ်းသွားပြီး သားအမိ ၂ ဦး မီးလောင် သေဆုံးသွားပါတယ်။ 
အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးမျိုးနေတိုးက “မနက် ၄ နာရီလောက်ကပေါ့။ မီးဖိုမီးကြွင်းမီးကျန်ကနေ တဆင့် ထရံကိုကူးတယ်။ အဲဒီကနေ နေအိမ်ကိုကူးပြီး လောင်သွားတာပေါ့။ အိမ်မှာက မိန်းမသားတွေချည်း သားအမိ ၄ ယောက်နေတာ။ မီးလောင်လို့ အိမ်ပေါ်က ခုန်ချတဲ့သူတွေကတော့ လွတ်သွားတယ်။ သေဆုံးတဲ့ သားအမိ ၂ ယောက်ကတော့ ပစ္စည်းတွေသယ်ရင်း မီးခိုးမွှန် သတိလစ်ပြီး မီးလောင်သေဆုံးသွားတာပါ” လို့ ပြောပါတယ်။ 

မီးလောင်သေဆုံးသွားသူတွေကတော့ အိမ်ရှင်ဖြစ်သူ ဒေါ်မြရင်နဲ့ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မဇင်မာဝင်းတို့ ဖြစ်ကြပြီး နေအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁ သိန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ 

မီးလောင်မှုကို ရွာမှာရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေ ပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတဲ့အတွက် နေအိမ်တလုံးပဲ မီးလောင်ခဲ့ပြီး ကျန်တဲ့အိမ်တွေကို မီးကူးစက်ခဲ့ခြင်း မရှိပါဘူး။ 

အခုမီးလောင်မှုက ၂၀၁၉ ခုနှစ်အတွင်း ပင်လည်ဘူးမြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားတာဖြစ်ပြီး မီးသတ်ဦးစီးဌာနအနေနဲ့ မီးဘေးကြိုတင်ကာကွယ်ရေး ပုံမှန်လုပ်ဆောင်နေသလို တအိမ်တက်ဆင်း လိုက်လံစစ်ဆေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ကျေးရွာတွေမှာ မီးဘေးအသိရှိဖို့နဲ့ သတိရှိဖို့ လိုအပ်နေသေးပြီး မီးသတ်ဦးစီးဌာန အနေနဲ့လည်း အသိပညာပေးတာတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်နေတယ်လို့လည်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

DVB

0 comments:

Post a Comment