Tuesday, April 30, 2019

NRPC နှင့် မြောက်ပိုင်း(၄)ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကောင်းများရရှိဟု ဦးဇော်ဌေးပြော


မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ ဧပြီ(၃၀)ရက်ကကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIO)၊ တအဲာန်း လက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) စတဲ့ မြောက်ပိုင်း(၄)ဖွဲ့ ဆွေးနွေးပွဲ ကနေ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ (NRPC)အဖွဲ့ဝင် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးမှာ ပြောဆိုပါတယ်။ 
“ရလဒ်ကတော့ ဆွေးနွေးပွဲအခြေအနေကောင်းမွန်တယ်။ နှစ်ဘက်စလုံးကလည်း ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုလားတယ်။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ နှစ်ဘက်စလုံးကလည်း ကျေကျေလည်လည်ကို ဆွေးနွေး ကြပါတယ်။ အဲဒီအပေါ်မှာ အားလုံးက ကျေနပ်မှုရှိတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ 
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေးဖို့ ညှိုနှိုင်းကြရာမှာလည်း အပြုသဘောဆောင်ပြီးကောင်းမွန်ကြောင်းနဲ့ တပ်မတော်ကကြေညာထားတဲ့ အပစ်ရပ် (၄)လမပြီးဆုံးခင် အခုလိုဆွေးနွေးနိုင်ခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မှာကို ယုံကြည်တယ်လို့ ဦးဇော်ဌေးက ဆက်လက်ပြောဆိုပါတယ်။ 
ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ (AA)အဖွဲ့က ဗိုလ်မှူးကြီးကျော်ဟန် ကတော့ (NCA)ကို ပိုမိုကောင်းမွန်တဲ့ ဖြည့်စွက်ချက်တွေ ထည့်သွင်း ဖို့ လိုတယ်လို့ ပြောပါတယ်။ 
“(NCA)ကို ဘယ်လိုပိုကောင်းအောင်ဖြည့်မလဲဆိုတဲ့ သဘောထားအစီအစဉ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ (NCA)ကို ဖျက်ဖို့ပြောတာမဟုတ်ပါဘူး။ (NCA)ကိုပြုပြင်ဖို့၊ (NCA)ကို ဖြည့်စရာရှိတာဖြည့်ဖို့ ကျွန်တော်တို့ဘက်က လိုလားပါတယ်”လို့ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။ 
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ (TNLA)အဖွဲ့က အထွေထွေ အတွင်းရေးမှူး တားဖုန်းကျော်ကလည်း (NCA)လက်မှတ် ထိုးထား တဲ့နေရာတွေမှာတောင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပိုပြီးလက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ် ထိုးဖို့လိုတယ်လို့ ပြောပါတယ်။ အခုဆွေးနွေးပွဲမှာတော့ အဲဒီစာချုပ်မှာ ဘာတွေထည့်ရမလဲဆိုတဲ့လမ်းကိုသွားဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 
အဲဒီဆွေးနွေးပွဲကို (NRPC)က ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးနဲ့ ဦးလှမောင်ရွှေတို့တက်ရောက်ပြီး မြောက်ပိုင်း(၄) ဖွဲ့ဖြစ်တဲ့ (KIO) အဖွဲ့ကတော့ အထွေထွေအတွင်းရေးမှူး ဦးထိန်နန်ဦးဆောင်တဲ့ ကိုယ်စားလှယ်(၅)ဦး၊ (AA) အဖွဲ့ကတော့ အထွေထွေအတွင်းရေးမှူးဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၆)ဦး၊ (TNLA) အဖွဲ့ကတော့ ဗိုလ်မှူးချုပ် တားဖုန်းကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၃)ဦးနဲ့ (MNDAA) ကတော့ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဝင်းနိုင်ဦးဆောင်တဲ့ အဖွဲ့ဝင်(၃)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ 

သတင်း- မင်းဇော်ဦး၊ သန့်ဇင်၊ ချဲလ်လန်း
One News Myanmar 

0 comments:

Post a Comment