Monday, April 29, 2019

မုန်တိုင်းများ ဖြစ်ပွားလေ့ မရှိသည့် အီကွေတာအနီးတွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ဖြစ်ပေါ်လာမှုမှာ ပြောင်းလဲလာသည့် ရာသီဥတုအဖြစ် သတ်မှတ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် ပြောကြား


မုန်တိုင်းများ ဖြစ်ပွားလေ့ မရှိသည့် အီကွေတာအနီးတွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ဖြစ်ပေါ်လာမှုမှာ ပြောင်းလဲလာသည့် ရာသီဥတုအဖြစ် သတ်မှတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 
ဧပြီ ၂၆ ရက်တွင် အီကွေတာအနီး၌ မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး အဆင့်ဆင့် ဆက်လက် အားကောင်းခဲ့ရာမှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာသည့် ဖန်နီသည် ယခင် နှစ်များစွာက မုန်တိုင်း ဖြစ်ပေါ်ခဲ့ခြင်း မရှိသည့် အီကွေတာအနီး လတ္တီကျူ အနိမ့်ပိုင်းနေရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့သည့်အချိန်မှ လက်ရှိအချိန်ထိ ပင်လယ်ပြင်တွင် ရက်အတန်ကြာ ရှိနေခြင်း၊ ဦးတည်ရာလမ်းကြောင်း ပြောင်းလဲမှုများစွာ ရှိနေခြင်း စသည့် အကြောင်းအရာများကြောင့် ၎င်းအား ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။ 

“ အရင်နှစ်တွေက အီကွေတာအနီး လတ္တီကျူ အနိမ့်ပိုင်းကနေ မုန်တိုင်းဖြစ်တာမျိုး မရှိဘူး။ တော်တော်လည်း ထူးဆန်းတယ်။ အခု ဆိုင်ကလုန်းမုန်တိုင်း ဖန်နီက လတ္တီကျူ အနိမ့်ပိုင်းကနေ ဖြစ်လာတာ။ သူ့ရဲ့ လမ်းကြောင်းကလည်း အချိန်နဲ့အမျှကို ပြောင်းလဲနေတယ်။ ပြီးတော့ ရက်ကလည်း ကြာနေပြီ။ ပင်လယ်ထဲမှာပေါ့။ အရင်က အလားတူဖြစ်စဉ်မျိုး မရှိခဲ့ဖူးဘူး။ အရင်တစ်နှစ် နှစ်နှစ်လောက်က စပြီးတော့ အီကွေတာအနီးမှာ မုန်တိုင်းငယ် ဖြစ်ပေါ်မှုတွေက တစ်ခု နှစ်ခုလောက် ရှိလာတယ်။ အခုက အားကလည်း တော်တော် ကောင်းလာတယ်ဆိုတော့ ဒါကို Climate Change တစ်ခုလို့ ပြောချင်ရင် ပြောလို့ရတယ်”ဟု မိုးဇလညွှန်ချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။ 

မိုးဇလ၏ ဧပြီ ၂၉ ရက် ညနေ ၅ နာရီခန့်က ခန့်မှန်းထားမှုများတွင် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၅၅ မိုင်နှုန်းဖြင့် သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီ (Trincomalee) မြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၃၀၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၁၀ ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam) မြို့၏ အရှေ့တောင်ဘက် မိုင် ၅၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု တိုက်ခတ်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မေ ၁ ရက်ခန့်တွင် အားအလွန် ကောင်းလာနိုင်သည့် အခြေအနေများ ရှိနေသော်လည်း ၎င်း၏ ဦးတည်ရာ လမ်းကြောင်းအား တွက်ချက်ရာတွင် အချိန်နှင့်အမျှ ပြောင်းလဲမှုများ ရှိနေရာ လက်ရှိအချိန်ထိ နိုင်ငံတကာ နှင့် မြန်မာနိုင်ငံမှ မိုးဇလပညာရှင်များ၏ တွက်ချက်မှုများအရ မုန်တိုင်း ဦးတည်မည့် လမ်းကြောင်းသည် ငါးခုထက်မနည်း ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

“လက်ရှိကတော့ အနောက်မြောက်ဘက်ကို ရွေ့နေတယ်။ ဒါပေမဲ့ သူက မေ ၁ ရက်လောက်မှာ အားအလွန် ကောင်းလာနိုင်တယ်။ ECMWF တို့ အိန္ဒိယက တွက်ချက်မှု၊ ပြီးတော့ သင်္ချာပုံစံ တွက်ချက်မှုတွေမှာ သူက အရှေ့မြောက်၊ ဒါမှမဟုတ် အရှေ့တောင်ဘက် ရွေ့နိုင်တယ်။ သူ့ရဲ့ ဦးတည်ချက်က အခုထိ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဦးတည်ရာက ငါးခု ခြောက်ခုလောက် ပြောင်းပြီးပြီ” ဟု ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။ 

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် ပင်လယ်ပြင်၌ ရွေ့လျား တိုက်ခတ်နေရာမှ ဆက်လက် အားကောင်းလာလျက်ရှိရာ မေ ၁ ရက်ခန့်တွင် အားအလွန် ကောင်းလာနိုင်ခြေ ရှိနေပြီး ၎င်း၏ ဦးတည်ရာသည် နိုင်ငံတတာ မိုးဇလ Website ECMWF ၏ တွက်ချက်မှု နှစ်ခုအနက် တစ်ခုတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက် ဖြတ်ကျော်နိုင်ကြောင်း အစဉ်တစိုက် တွက်ချက် ဖော်ပြထားသည်ဟု သိရသည်။ 

သို့ရာတွင် အခြားသော နိုင်ငံတကာ မိုးဇလပညာရှင်များ၏ တွက်ချက်ထားမှုများတွင် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ ဦးတည်မည့် လမ်းကြောင်းသည် အရှေ့မြောက်ဘက် ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ အရှေ့တောင်ဘက် ဖြစ်သည့် ရခိုင်မြောက်ပိုင်းတို့ အပါအဝင် သီရိလင်္ကာနိုင်ငံဘက် ဖြတ်ကျော်နိုင်မည့် လမ်းကြောင်းများ ပါရှိနေပြီး ပင်လယ်ပြင်ထဲတွင်ပင် ရှိနေသေးခြင်းကြောင့် မုန်တိုင်း၏ ဦးတည်ရာအား ခန့်မှန်းရန် အချိန်တစ်ခု လိုအပ်နေကြောင်း သိရသည်။ 

မိုးဇလညွှန်ချုပ်၏ ပြောကြားမှုများအရ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် အရှေ့တောင်ဘက်ဖြစ်သည့် အိန္ဒိယ အရှေ့ဘက် ကမ်းရိုးတန်း တစ်လျှောက် ဖြတ်လာမှသာလျှင် ရခိုင်မြောက်ပိုင်းသို့ ဝင်ရောက်နိုင်ခြင်းကြောင့် မုန်တိုင်းဒဏ်အား အထူးသတိပြုရန် လိုအပ်နေကြောင်း သိရသည်။ 


Eleven Media Group 

0 comments:

Post a Comment